ကျောင်းကုန်း ဒီဇင်ဘာ ၂၂

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကျေးလက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးစေပြီး အလုပ်အကိုင်ရရှိစေရေးအတွက် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံဂဟေဆက်နည်း သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီက ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထူးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထင်ကျော်ဦးတို့မှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်ဇော်မှ ကျေးလက်လူငယ်များ အသက်မွေးဝမ်းကျောင်းပြုရန်အတွက် ရည်ရွယ်ပြီး အခြေခံဂဟေဆက်နည်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ ယခုအခါ သင်တန်းပြီးဆုံးပြီဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသော အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး မိမိတို့ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် လက်တွေ့နယ်ပယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီး မိသားစုစီးပွားရေးကို အထောက်အပံ့ပေးနိုင်အောင် ကြိုးစားသွားကြရန် ပြောကြားသည်။

 

ထို့နောက် ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားများထံ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်း (၂၀)ဦးအား ကျွမ်းကျင်သင်တန်းနည်းပြဆရာများမှ ဒီဇင်ဘာ ၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်ထိ ရက်ပေါင်း (၂၀)ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးကြောင်း သိရသည်။

 

တေဇာလင်း