ယူအီးအက်ဖ်အေ အမျိုးသမီးချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များကို ယမန်နေ့က မဲခွဲထုတ်ပြန် လိုက်ပြီဖြစ်ရာ လက်ရှိ ချန်ပီယံဘာစီလိုနာအသင်း သည်နာမည်ကြီးရီးရဲမက်ဒရစ်အသင်းနှင့် တွေ့ဆုံနေသည်။ အင်္ဂလန်ကိုယ်စားပြု အာဆင်နယ်အသင်းက ဂျာမနီကိုယ်စားပြု ဝုဖ်ဘတ်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

အာဆင်နယ်အသင်းသည် အမျိုးသမီးချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးထားနိုင်သည့် တစ်သင်းတည်းသော အင်္ဂလန်ကိုယ်စားပြု အမျိုးသမီးအသင်းအဖြစ်ရှိနေပြီး ဝုဖ်ဘတ်အသင်းက အမျိုးသမီးချန်ပီယံလိဂ် ဖလားကို ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် နှစ်နှစ်ဆက် ဆွတ်ခူးထားသည့်အသင်းဖြစ်သည်။

ဂျာမနီနာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းက ပြင်သစ်နာမည်ကြီး ပီအက်စ်ဂျီအသင်း၊ ဂျူဗင်တပ်စ် အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အအောင်မြင်ဆုံး အသင်းဖြစ်သည့် လိုင်ယွန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပြင်သစ်ကလပ် လိုင်ယွန်အသင်းသည် အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ တွင် ခုနစ်ကြိမ် ဆွတ်ခူးထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ်မှတ်တမ်းတင်ထားသည်။

အဆိုပါ အမျိုးသမီးချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်များကို မတ် ၂၂ ရက်၊ ၂၃ ရက်တွင် ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ကို မတ် ၃၀ ရက်၊ ၃၁ ရက်တွင် ကစားမည်ဖြစ်သည်။ ထို့အပြင် ဆီမီးဖိုင်နယ် ပွဲစဉ်များကိုပါ မဲခွဲထုတ်ပြန်လိုက်သောကြောင့် ရီးရဲမက်ဒရစ်အသင်းနှင့် ဘာစီလိုနာ အသင်းတို့အထဲမှ အနိုင်ရရှိ မည့်အသင်းအနေဖြင့် အာဆင်နယ်အသင်းနှင့် ဝုဖ်ဘတ်အသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းနှင့် ဆီမီးဖိုင်နယ်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းနှင့် လိုင်ယွန်အသင်းတို့ထဲမှ အနိုင်ရရှိလာမည့် အသင်းက ဘိုင်ယန်မြူးနစ်အသင်းနှင့် ပီအက်စ်ဂျီအသင်း တို့ထဲမှ အနိုင်ရရှိမည့်အသင်းနှင့် ဆီမီးဖိုင်နယ်တွင် ကစားရမည်ဖြစ်သည်။

အဆိုပါ ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့ပွဲစဉ်များကို ဧပြီ ၂၃ ရက်၊ ၂၄ ရက်တွင် ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ကို ဧပြီ ၃၀ ရက်၊ မေ၁ရက်တို့တွင် ကစားမည်ဖြစ်သည်။ ယခုနှစ်တွင် အမျိုးသမီး ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို အီတလီနိုင်ငံ တုရင်ရှိ ဂျူဗင်တပ်စ် အားကစားကွင်း၌ မေလတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ယခုနှစ်ရာသီတွင် ၁၉၆၅ ခုနှစ် ကတည်းက ကျင့်သုံးလာခဲ့သော အဝေးဂိုးစည်းမျဉ်းကို ယူအီးအက်ဖ်အေက ပယ်ဖျက်လိုက်သောကြောင့် နှစ်ကျော့ပေါင်းရလဒ် တူညီနေပါက အချိန်ပိုမိနစ် ၃၀ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အချိန်ပို မိနစ် ၃၀ တွင်လည်း အနိုင်၊ အရှုံး အဖြေမပေါ်ခဲ့ပါက ပယ်နယ်တီဖြင့် ဆုံးဖြတ်သွားမည်ဖြစ်သည်။

အောင်ဇော်