မုဒုံ ဒီဇင်ဘာ ၂၂
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်းဥပဒေအရ ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ဒီဇင်ဘာ ၂၁ ရက်က မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျေးရွာနှစ်ရွာအတွင်းရှိ ပြည်သူများကို အုပ်ချုပ်ရေးမှူးရုံးများ၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော်က ဦးဆောင်ကြီးကြပ်၍ ဝန်ထမ်းများတို့က တောင်ပကျေးရွာနှင့် မှိန်ဂနိမ်းကျေးရွာအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများကို အသစ်ပြုလုပ်ပေးခြင်း၊ ၃ (က) ၃ ဦး၊ ၆ (က) ၁၃ ဦး၊ လဲလှယ် ၅၃ ဦး၊ မိတ္တူ ၅၄ ဦး စုစုပေါင်း (၁၂၃)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၀၁)စုကို စိစစ်ပေးခြင်းနှင့် သေဆုံးပယ်ဖျက် (၄) ဦးတို့ကို ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်မှစတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်လျက်ရှိရာ မုဒုံမြို့နယ်အတွင်း ယနေ့အချိန်အထိ လူဦးရေ (၈၀၀၀)ကျော်ကို ကွင်းဆင်းဆောင်ရွက် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)