နေပြည်တော် ဒီဇင်ဘာ ၂၂
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမား စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကော်မတီ အဖွဲ့ဝင်များတက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အဖွဲ့ဝင်များက Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံကလေးအလုပ်သမား စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက လုပ်ငန်းကော်မတီအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တိုးတက်ဖြစ်ထွန်းမှုများ၊ စိန်ခေါ်မှုများကို စောင့်ကြည့်လေ့ လာအကဲဖြတ်နိုင်ရေး၊ ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်ရေးအတွက် စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ၊ အသိပညာပေးနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ကော်မတီ၊ ဥပဒေရေးရာလုပ်ငန်း ကော်မတီ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသော ကလေးအလုပ်သမားများ ဖယ်ရှားခြင်းနှင့် ပြန်လည်ကုစား ရေးလုပ်ငန်းကော်မတီ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး လုပ်ငန်းကော်မတီ၊ ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်း ကော်မတီတို့နှင့် ပေါင်းစပ်ဆောင်ရွက်ရန်လိုပါကြောင်း။
ကော်မတီဝင်များအနေဖြင့် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၃ ကို ကောင်းစွာ နားလည်သဘောပေါက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း မူဘောင်နှင့်စပ်လျဉ်းပြီးညွှန်းကိန်း၊ အချိန်ကာလ၊ တာဝန်ယူမည့်အဖွဲ့ အစည်းများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုကို စီမံကိန်းရည်မှန်းချက် အောင်မြင်စေရေး အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများ၊ INGO၊ NGOs များနှင့် စဉ်ဆက်မပြတ် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် တက်ရောက်လာသူများက ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
သတင်းစဉ်