နေပြည်တော် ဒီဇင်ဘာ ၂၂
နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၃၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက် မွန်းတည့် ၁၂ နာရီတွင် နောင်ချိုမြို့အဝင်၊ မန္တလေး-မူဆယ် သွားကားလမ်း၊ မိုင်တိုင်အမှတ် (၈၀/၄)အနီးတွင် ကျောက်မဲမှ မန္တလေးသို့ သန်းထွန်းနိုင် (ခ) ဖိုးညို မောင်းနှင်ပြီး စိုင်းအောင်သူဟိန်း (ခ) အိုက်ပြား (၃၁)နှစ် လိုက်ပါလာသည့် မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ဒသမ ၂၂ ကီလို သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိဘိန်းဖြူများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်