နေပြည်တော် ဒီဇင်ဘာ ၂၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ပြည်နယ် အတွင်းရှိ အဆောက်အအုံ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက “ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်းပန်ဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ရသည့်ဌာန ဖြစ်ကြောင်း၊ ဦးစီးဌာနများအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်ရသော လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန် လိုကြောင်း၊ ပြည်သူများ သွားလာရေး လွယ်ကူ အဆင်ပြေစေရေးအတွက် မိမိပြည်နယ်အတွင်းရှိ လမ်း၊ တံတားများ တိုးတက်ကောင်းမွန်အောင် အလေး ထား ဆောင်ရွက်ပေးရန် လိုကြောင်း၊ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် မိမိကျရာ တာဝန်များကို ကျေပွန်စွာဖြင့် စေတနာထား ဆောင်ရွက်ရန်” မှာကြားသည်။
ထို့နောက် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုက ပြည်နယ်အတွင်း လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ လိုအပ်သည့် လုံခြုံရေးကိစ္စများကို ရှင်းလင်းပြောကြားပြီး လမ်းဦးစီးဌာန၊ အဆောက်အဦဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် အင်ဂျင်နီယာချုပ်တို့က သက်ဆိုင်ရာ ဦးစီးဌာနအလိုက် ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အေးသာယာ-ညောင်ရွှေ-မိုင်းသောက်-နမ့်ပန်-တုံဟုံး-ပင်လောင်းလမ်းကို လည်းကောင်း၊ အေးသာယာ-ညောင်ရွှေ-မိုင်းသောက်-နမ့်ပန်-တုံဟုံး-ပင်လောင်းလမ်းမှ တစ်ဆင့် အောင်ပန်း-ပင်မှီ-နန်းရုတ်-အင်းတိန်လမ်း ဆောင်ရွက်ထားရှိမှု အခြေအနေကို လည်းကောင်း လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောင်ပန်း-ပင်မှီ-လယ်ကြားပေါ်ရှိ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၂) မှ တာဝန်ယူ တည်ဆောက်နေသော တံတားအမှတ်(၁/၅) ကုန်းနီတံတား လုပ်ငန်းခွင်အတွင်း တံတားကမ်းကပ်ခုံ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းအတိုင်း ပြန်လည်ထွက်ခွာခဲ့ရာ မိတ္ထီလာမြို့တွင်းရှိ မိတ္ထီလာကန်ကူးတံတားသို့ ရောက်ရှိပြီး တံတားလက်ရမ်းများ ဆေးသုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့ရှိ လမ်းဦးစီးဌာန ဧည့်ရိပ်သာသို့ ရောက်ရှိပြီး B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီ ငါးခုမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိတ္ထီလာ-သာစည်-တောင်ကြီးလမ်း၊ မိတ္ထီလာ-မလှိုင်-မြင်းခြံလမ်းနှင့် မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းတို့အား မြို့တွင်းလမ်းအပိုင်းတွင် လမ်းပေါ် ဖြတ်သန်းသွားလာသော ယာဉ်များအား လွယ်ကူရှင်းလင်းစွာ ဖြတ်သန်း သွားလာနိုင်သော လမ်းအလယ်မျဉ်း Road Line များအား အမြန်ဆုံးရေးဆွဲရန်နှင့် လမ်းဘေးဝဲယာရှိ ချုံနွယ်များအား ရှင်းလင်းဖယ်ရှားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်