နမ့်ခမ်း   ဒီဇင်ဘာ   ၂၂

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရှိ နွေစပါး စိုက်ပျိုးသည့် တောင်သူများက ၂၀၂၂ ခုနှစ် နွေစပါးစိုက်ပျိုးရေးအတွက် ပျိုးပင်များ ပျိုးထောင်ခြင်းကို ဒီဇင်ဘာ ဒုတိယပတ်မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။

 

နမ့်ခမ်းမြို့နယ်ရှိ တောင်သူများသည် နွေရာသီတွင် ရေလုံလောက်စွာ ရရှိသည့် လယ်များတွင် နွေစပါးကို အဓိကထား၍ စိုက်ပျိုးကြပြီး ရေလုံလောက်စွာ မရသော လယ်များကို အခြား ဆောင်း သီးနှံများ စိုက်ပျိုးလျက်ရှိသည်။ နွေစပါးစိုက်ပျိုးသော တောင်သူအချို့က စားသုံးရန် ကောင်းမွန်​၍ ဒေသတွင်း လူကြိုက်များသည့် စပါးမျိုးဖြစ်သော UD-16 စပ်မျိုးစပါးကို အများစုစိုက်ပျိုးကြပြီး တောင်သူတချို့က တရုတ်နိုင်ငံမှ စပ်မျိုးစပါးများကို ဝယ်ယူ စိုက်ပျိုးကြကြောင်း သိရသည်။

 

နမ့်ခမ်းမြို့နယ်မှ နွေစပါးတောင်သူများသည် နွေစပါးကို အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရန်အတွက် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် စပါးမျိုး ရွေးချယ်စိုက်ပျိုးခြင်း၊ ပျိုးပေါင်များဖြင့် ပျိုးထောင်၍ ပလတ်စတစ်အမိုး အုပ်ပေးခြင်း၊ မြေသြဇာကျွေးခြင်း၊ စပါးဖျက်ပိုးရန် ကာကွယ်ခြင်း စသည့် လိုအပ်သည့် ပြုစုမှုများ လုပ်​ဆောင်ပေးကာ အပင်သန်သည့် ပျိုးပင်များ စိုက်ပျိုးခြင်းကြောင့် နွေစပါးအထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

ဆိုင်ထွန်း(နမ့်ခမ်း)