နေပြည်တော် ဒီဇင်ဘာ ၂၂
ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက “ရေလုပ်ငန်းဆိုင်ရာ သုတေသနများ ပီပီပြင်ပြင် ဆောင်ရွက်နိုင်ရေး၊ အသုံးချ သုတေသနကဏ္ဍတွင် ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသရင်း ငါးမျိုးစိတ်များ သားဖောက် အသားတိုးမွေးမြူရန် အလားအလာရှိသည့် ရေချို ရေငန် ငါး ပုစွန် မျိုးစိတ်များအား စူးစမ်းလေ့လာခြင်း၊ သုတေသနပြု စမ်းသပ် သားဖောက် မွေးမြူခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်ရေး၊ အဆင့်မြင့် နည်းပညာ ဖွံ့ဖြိုးရေးအတွက် ငါးလုပ်ငန်းတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ရေလုပ်ငန်းကို အခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ စွမ်းဆောင်ရည် ပြည့်ဝသော လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအပေါ် အစဉ်တစိုက်ဂရုပြု ဆောင်ရွက်ရန်၊ ရေလုပ်ငန်းဆိုင်ရာ မူဝါဒများ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရန် အရေးပါသည့် စာရင်းဇယား ကိန်းဂဏန်းများ တိကျမှန်ကန်ရေး အတွက် လိုအပ်သည့် စာရင်းကောက်ယူ ပြုစုတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ အစားအစာ ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းများဆိုင်ရာ စစ်ဆေးကြပ်မတ်ရာတွင် အဂတိကင်းစွာဖြင့် ပညာရှင်ပီသစွာ ဆောင်ရွက်ရန် လိုအပ်ချက်များ”ကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက “တိုင်းဒေသကြီး ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနများ၏ ဘဏ္ဍာရေး နှစ်အလိုက် စီမံကိန်းများ ၊ လုပ်ငန်းများတွင် ဖြည့်စွက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဝန်ထမ်း ပြုန်းတီးမှု လျော့နည်းသက်သာရေးနှင့် ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည် ပြည့်ဝရေးဆိုင်ရာများ”ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီး လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများက ဒေသအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ပြီးစီးမှုနှင့် လုပ်ငန်းသုံးသပ်ချက်များကို လည်းကောင်း တင်ပြဆွေးနွေးကြသည်။
စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် အာဟာရဖွံ့ဖြိုးရေး၊ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် ရေလုပ်ငန်းကဏ္ဍသည်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)တွင် ငါးကဏ္ဍ ထုတ်လုပ်မှုအနေဖြင့် ၄ ဒသမ ၇ ရာခိုင်နှုန်း ပါ၀င်နေကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ငါးလုပ်ငန်းဖြင့် အခွန်ငွေ ကျပ် ၆ ဘီလီယံရရှိခဲ့ပြီး ပြည်ပ တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၇၈၆ သန်းကျော် ရရှိခဲ့သည့်အတွက် ငါးလုပ်ငန်းဖြင့် နေ့စဉ် ပျမ်းမျှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ကို ရရှိနေကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးကဏ္ဍ တစ်ရပ်လုံး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရေ၊ ငါးရိက္ခာများကို သားစဉ်မြေးဆက် ထုတ်ယူ သုံးစွဲနိုင်ရေးတို့ အတွက် သက်ဆိုင်ရာ လုပ်ငန်းရပ်များအလိုက် ဥပဒေများပြဋ္ဌာန်း၍ စီမံခန့်ခွဲခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံဒေသတွင်းမှ ငါးလုပ်ငန်းဆိုင်ရာ သဘောတူညီမှုများ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တစ်နိုင်တစ်ပိုင်မှ စီးပွားရေးအရ အမြောက်အမြားထုတ်လုပ်ခြင်းအထိ ပုဂ္ဂလိကပိုင်းမှ တိုးချဲ့ရင်းနှီးမြုပ်နှံ လုပ်ကိုင်နိုင်ကြစေရန် အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝ ရေမြေနှင့် ကိုက်ညီစွာ မွေးမြူနိုင်သော (Genetically Improved Farmed Tilapia- GIFT Tilapia) မျိုးစိတ်များ တင်သွင်းပြီး ဌာနစခန်းများတွင် မျိုးပွားဖြန့်ဖြူးပေးခြင်း၊ စီးပွားဖြစ်မွေးမြူရန် အလားအလာရှိသော ဒေသတွင်း ရေချိုငါးမျိုးစိတ်များကို သုတေသနပြု စမ်းသပ်သားဖောက်ခြင်း၊ အမြောက်အမြား မွေးမြူထုတ်လုပ်နိုင်ရေး အလေးထား ဆောင်ရွက်ပေးခြင်းကြောင့် ယခုအခါ စျေးကွက်၀င် ငါးမျိုးစိတ် ၂၁ မျိုး အောင်မြင်စွာ သားဖောက် ထုတ်လုပ်ပေးနိုင်ခဲ့သဖြင့် အသားတိုး မွေးမြူခြင်းမှ ပြည်တွင်း ငါးစားသုံးမှု ဖူလုံရေးသာမက ပြည်ပပို့ကုန်တိုးမြှင့်ရေးကိုပါ အကျိုးပြုနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


