ရန်ကုန် ဒီဇင်ဘာ ၂၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac doses တစ်သန်းသည် ယနေ့ နံနက် ၁၀ နာရီအတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ CZ 8083 လေကြောင်းလိုင်းဖြင့် ရောက်ရှိလာပြီး ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်တွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က ကာကွယ်ဆေးများ လှူဒါန်းရသည့် အကြောင်းရင်းအား ရှင်းလင်းပြောကြားရာ ယနေ့ ရောက်ရှိသော Sinovac ကာကွယ်ဆေး doses တစ်သန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ထပ်မံလှူဒါန်းသည့် Sinovac ကာကွယ်ဆေး doses နှစ်သန်းအနက် ပထမ အသုတ်အဖြစ် ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ ကျန်ရှိသည့်ကာကွယ်ဆေး တစ်သန်းကို လာမည့်နှစ်ဆန်းပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်မှတဆင့် ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရမှ အကူအညီ ပေးအပ်သည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်းပြီးစီးပါက ကပ်ရောဂါကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်မှု၊ သုတေသန နှင့် ဝန်ထမ်းလေ့ကျင့်ရေးတို့တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဖြစ်ပါကြောင်း၊ တရုတ်-မြန်မာ ပူးပေါင်းမှုဖြင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး စခန်းတွင် ကိုဗစ်-၁၉ ကုသရေးစင်တာကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာဖြင့် ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် (၇၀) ကာလအတွင်း နှစ်နိုင်ငံအကြား အပြန်အလှန် အတူတကွ အကျိုးဖြစ်ထွန်းရေး၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး စံနမူနာများကို ချမှတ်နိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်တိုက်ဖျက်ရေး အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၁၀ ဒသမ ၃) သန်းကို လှူဒါန်းခဲ့သည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သမ္မတနှင့် အစိုးရအား ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်တတိယလှိုင်းကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့ပြီး အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဘက်ပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုများအနက် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကာကွယ်ဆေးများ လှူဒါန်းပေးအပ်ခဲ့သည့်အပြင် အောက်ဆီဂျင် အရည်၊ အောက်ဆီဂျင်စက်နှင့် ဆေးကုသရေး ပစ္စည်း အစရှိသည်တို့ တင်သွင်းရာတွင်လည်း အဆင်ပြေချောမောစေရန် ကူညီပေးခဲ့ပါကြောင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အပိုင်းတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသောကြောင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်လည်ပတ်စေရန်လည်း အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက်ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံသည့်မှတ်တမ်းကို အပြန်အလှန် လက်မှတ်ရေးထိုး၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ပြုလွှာကို ပြန်လည် ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့သည် ရောက်ရှိလာသော ကာကွယ်ဆေးများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း သွားရောက်ကြည့်ရှုကြသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်