နေပြည်တော် ဒီဇင်ဘာ ၂၂
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲ လျက်ရှိသည့်အတွက် အဆိုပါ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ဓာတ်အားပေးစက်ရုံ အသစ်များ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းနှင့် စက်စွမ်းရည် ကျဆင်းနေသည့် ဓာတ်အားပေးစက်ရုံများကို အဆင့်မြှင့်တင် ပြင်ဆင်ခြင်းတို့ကို စီမံဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ စီမံဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အဆင်ပြေစေရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ဒီဇင်ဘာ ၂၁ ရက် နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း၊ လှော်ကားသဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ သွားရောက်စစ်ဆေးရာ စက်ရုံမှူးက သက်ဆိုင်ရာကဏ္ဏအလိုက် ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ယခုစက်များ အဆင့်မြှင့်တင် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ဓာတ်ငွေ့တာဘိုင် သုံးလုံးမှ မဂ္ဂါဝပ် ၉၀ နှင့် ရေနွေးငွေ့တာဘိုင်မှ ၃၃ မဂ္ဂါဝပ် စုစုပေါင်း ၁၂၃ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ဖြန့်ဖြူး ပေးသွားနိုင်မည်ဖြစ်ကြောင်း ယခင် ထုတ်လုပ်မှုထက် ၃၉ မဂ္ဂါဝပ် တိုးတက်ထုတ် လုပ်နိုင်မည် ဖြစ်သောကြောင့် ဓာတ်ငွေ့တာဘိုင် သုံးလုံးကို သတ်မှတ်ထားသည့် ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းနှင့် ရေနွေးငွေ့တာဘိုင်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတို့တွင် စီးပွားဖြစ် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားပြီး ဓာတ်အားပေးစက်ရုံ၏ ဓာတ်အား ထိန်းချုပ်ခန်းနှင့် လှော်ကားပင်မ ဓာတ်အားခွဲရုံအတွင်း ထရန်စဖော်မာ တိုးချဲ့တပ်ဆင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ကမာနတ်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံအတွင်း ထရန်စဖော်မာ တိုးချဲ့တပ်ဆင် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ပဲခူးမြို့ရှိ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး၌ တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အား ပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး၊ ပြည်သူလူထု အတွက် အရည်အသွေး ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေး၊ လျှပ်စစ် ဓာတ်အား ချွေတာသုံးစွဲနိုင်ရေး နည်းလမ်းများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်