မင်းဘူး ဒီဇင်ဘာ ၂၃

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် (VDP) စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာ၌ မြေသားလမ်းများကို ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူး(စကု)မြို့နယ် ကြီးပင်ကန်(၂) ကျေးရွာ၌ လမ်းအရှည် ပေ ၅၅၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မနှင့် အေးမြ၊ လက်ပံတပင်၊ ရေပုတ်၊ ကန်ရေ(၂)နှင့် ကုန်းသာကျေးရွာတို့တွင် လမ်းအရှည် ပေ ၇၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေ ခြောက်လတာကာလအတွင်း (VDP) စီမံကိန်းဖြင့် ကျေးရွာတစ်ရွာလျှင် ခွင့်ပြုငွေကျပ် သိန်း(၁၀၀)ကို ခွင့်ပြုချထားပေးခဲ့ကြောင်း၊ ပြည်သူလူထုမှ ပူးပေါင်းထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းများ ကောင်းမွန်အောင် ပြည်သူလူထုကိုယ်တိုင် စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်နိုင်ရန် ကျေးရွာအလိုက်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ပြီး အဆိုပါဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာများ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုက ပြောသည်။

 

အဆိုပါကျေးရွာများရှိ မြေသားလမ်းများကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ကျေးရွာနေပြည်သူများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများအပြင် လယ်/ယာထွက်ကုန်းများ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်ပြီး အသုံးပြု ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

 

မောင်မောင်(မင်းဘူး)