သရက် ဒီဇင်ဘာ ၂၃

 

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့်    ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးထိုးနှံ‌ရေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်းများကို ယနေ့ နံနက် ၇ နာရီက အနောက်ရပ်တောင်ပိုင်း၊ အောင်သီရိရပ်ကွက်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သုခရတနာ ပရဟိတအသင်းနှင့် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အသိပညာပေး‌နှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်၌ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီ ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ မလိုအပ်ဘဲထွက်ခွာသွားခြင်း မပြုရန်၊ မဖြစ်မနေ ထွက်ခွာသွားလာရပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာ ခပ်ခွာခွာနေထိုင်ကြရန်နှင့်   ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။

 

ထို့ပြင် သရက်မြို့နယ်အတွင်းရှိ ဈေးသွား၊ ဈေးလာပြည်သူများ၊ မော်တော်ယာဉ်၊ သုံးဘီးဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ် စီးနင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ဇော်ဝမ်းထွန်း(အောင်လံ)