မုဒုံ ဒီဇင်ဘာ ၂၃

 

မွန်ပြည်နယ်  မော်လမြိုင်ခရိုင်  မုဒုံမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက အဆိုပါကျောင်းဝင်းအတွင်း၌ ပြုလုပ်သည်။

 

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တက်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်နှင့် ကာယ၊ ဉာဏ၊ စွမ်းရည်များ  ရင့်သန်းလာစေရန်အတွက် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ အချင်းချင်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားကြရန် အမှာစကားပြောကြားသည်။

 

ထို့နောက် အားကစားပွဲများအဖြစ် မူ၊ လယ်၊ ထက်ဆင့် ကျောင်းသား/ကျောင်းသူများက အသင်း (၅) သင်းခွဲပြီး ထုပ်ဆီးတိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲများ၊ မီတာ(၅၀) အပြေးပြိုင်ပွဲ၊ မီတာ (၁၀၀)အပြေးပြိုင်ပွဲ၊ ဘောလုံးနင်းပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ စသည့် အားကစားနည်းများကို ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား လွတ်လပ်ရေးနေ့တွင် ထိုက်တန်စွာ ဆုများအသီးသီး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)