သရက် ဒီဇင်ဘာ ၂၃

 

မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပညာရေးဌာနနှင့် ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများ၏ ရုပ်ပုံပြစာစီစာကုံးနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆု မောင်ကြည်ရှင်းဟန်၊ ဒုတိယဆု မဆင့်ထက်ဖူး၊ တတိယဆု မရွှေစင်ဖြိုးနှင့် ရုပ်ပုံပြ စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု မဝိုင်းသူသူပြည့်၊ ဒုတိယဆု မောင်ကြည်ရှင်းဟန်၊ တတိယဆု မောင်ဝေလင်းပိုင်နှင့် နှစ်သိမ့်ဆုရရှိခဲ့သူ အသီးသီးအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။

 

ဆုချီးမြှင့်ပွဲအပြီးတွင် အမှတ်တရဓာတ်ပုံရိုက်ကူး၍ အခမ်းအနားတက်ရောက်လာကြသူများက စာအုပ်ပြပွဲနှင့် သရက်မြို့၏ အထင်ကရနေရာများ၊ မှတ်တမ်းဝင် အဆောက်အဦများနှင့် တန်ခိုးကြီးဘုရားစေတီ ပန်းချီကားများအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ဇော်ဝမ်းထွန်း (အောင်လံ)