ဖားကန့် ဒီဇင်ဘာ ၂၃

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း မြေစာပုံပြိုကျမှုဖြစ်စဉ်မှ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက် ၉ နာရီအထိ အလောင်းနှစ်လောင်းကို ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

 

အဆိုပါတွေ့ရှိထားသော ရုပ်အလောင်းများအနက် ကိုမျိုး (၃၀)နှစ်၊ ငြိမ်းချမ်းသာယာအပိုင်း (၁)နေ၊ မောင်မျိုးဆံသဆိုင်ပိုင်ရှင်အား ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် တွေ့ရှိခဲ့ပြီး ကိုမြင့်စန်း (၃၅)နှစ် ထွယ်ဆန်ယန်ကျေးရွာနေသူအား ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီခန့်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

 

ကျေးရွာအတွင်းရရှိထားသော ပျောက်ဆုံးသူများမှ စာရင်းအရ လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူများမှာ ဦးညွှန့်ရွှေ နတ်မောက်မြို့၊ မောင်ကျော်ဆန်းဝင်း ပုလဲမြို့နှင့် အောင်ဇော်မျိုး မင်းကင်းမြို့တို့ဖြစ်ကြပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

 

အမြင့်ပေ ၁၅၀ ခန့်၊ အကျယ်ပေ ၂၀၀ ခန့်ရှိ မြေသားထုသည် ၎င်း၏ကပ်လျက်ရှိသော အကျယ်ပေ ၈၀၀ ခန့်၊ အနက်ပေ ၂၀၀ ခန့်ရှိသော ရေကန်အတွင်းသို့  ဒီဇင်ဘာ ၂၂ ရက် နံနက် ၄ နာရီခွဲခန့်က ပြိုကျခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

 

မိုးမိုးဝေ(ပြန်/ဆက်)