တောင်သာ ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်များနှင့်အညီ အဆိုပါဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တောင်သာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်စိုးတို့က အဖွင့်အမှာစကားပြောကြားပြီး တောင်သာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးက စီးမံကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေများကို ကျေးရွာကော်မတီများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
တောင်သာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာလအတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၃၀၀)ဖြင့် ကျွန်းကြီး(မ)ကျေးရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၁၀၀)စီဖြင့် သီးပင်ကုန်းနှင့် ကျောက်ကာကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ကျောက်ချောနှင့် သပြေဝကျေးရွာတို့တွင် သောက်သုံးရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်ဦးကို


