ရန်ကုန် ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် သာကေတမြို့နယ်၊ (၂)မြောက်ရပ်ကွက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ သဒ္ဒါရုံ၊ မင်းနန္ဒာအိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် အသား၊ ငါး၊ ပုဇွန်၊ ကုန်စိမ်းနှင့် ကုန်ခြောက်မျိုးစုံ ရောင်းချနေမှုကိုလည်းကောင်း၊ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်၊ ဇင်္ဂမလမ်းရှိ အမှတ်(၁) ဈေးအတွင်း ဈေးရောင်း/ ဈေးဝယ် ပြုလုပ်နေမှုနှင့် ဈေးရုံသစ် တည်ဆောက်ပြီးစီးမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်သည် ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းသို့ ရောက်ရှိပြီး ဗိုလ်တထောင် ဈေးလမ်းနှင့် သိမ်ဖြူလမ်းအကြား Road Marking ယာဉ်ကြောပြမျဉ်းများ ရေးဆွဲနေမှု၊ လူသွားစင်္ကြံများ ဆေးသုတ်နေမှု၊ ကမ်းနားလမ်းတစ်လျှောက် လမ်းသန့်ရှင်းရေး ပြုလုပ်နေမှုများနှင့် လူသွားစင်္ကြံနှင့် လမ်းမကြီး သန့်ရှင်းစေရန် ရေဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သန်လျက်စွန်းအထိ ဆက်လက် ဆောင်ရွက်သွားရန်နှင့် ယာဉ်ကြောပြမျဉ်းများကို စံသတ်မှတ်ချက်နှင့်အညီ ရေးဆွဲရန်မှာကြားပြီး ဗိုလ်မြတ်ထွန်း မြစ်ထွက်ပေါက်အား ကြည့်ရှုကာ ရေစီးရေလာကောင်းမွန်စေရေး ပြန်လည်ပြုပြင်ရန် လိုအပ်ချက်များကို မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်သည် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင် အရှေ့ရပ်ကွက်၊ ဈေးကြီးလမ်းရှိ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန၊ လေဟာပြင်ညဈေးသို့ ရောက်ရှိပြီး မီးလောင်မှု ဖြစ်ပွားခဲ့သော ရုပ်ရှင်ရုံ အား ကြည့်ရှုစစ်ဆေးကာ အမြန်ဆုံးပြုပြင် နိုင်ရေး ဆက်လက်ဆောင်ရွက်ရန်နှင့် ပြုပြင်တည်ဆောက်ရေး ကာလအတွင်း လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


