နေပြည်တော် ဒီဇင်ဘာ ၂၃
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ရှရီ ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင်ဂလာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁)၊ ရုံးအမှတ်(၄၁)၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာကိစ္စ ရပ်များ၊ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင် ရွက်နေမှုများအပေါ် အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။
(သတင်းစဉ်)