ထားဝယ်   ဒီဇင်ဘာ   ၂၃

ကရင်၊ မွန် တိုင်းရင်းသား သမိုင်းစာအုပ်များနှင့် ဆလုံရိုးရာ ပုံပြင်စာအုပ်များအား တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ စာကြည့်တိုက်များသို့ ပေးအပ်ပွဲကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက “အများပြည်သူများ လေ့လာနိုင်ရန် ပြည်သူ့ ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသို့ ပေးအပ်ပြီး ဌာနမှလည်း အများပြည်သူများ လေ့လာနိုင်စေရန်နှင့် အသိပညာ တိုးပွားလာစေရန် မြို့နယ်၊ခရိုင် စာကြည့်တိုက်များတွင် ထားရှိဆောင်ရွက်စေလိုကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့်လည်း မိမိတို့ စာကြည့်တိုက်များကို လူငယ်လူရွယ်များ လာရောက်၍ စာပေဗဟုသုတများ လေ့လာနိုင်ရေးနှင့် ဖတ်ရှုနိုင်ရေးအတွက်လည်း စာအုပ်စာတမ်းများ စုံလင်စွာထားရှိနိုင်ရေး ကြိုးစားဆောင်ရွက်ပြီး စာအုပ်စာပေများကိုလည်း မပျောက်ပျက်၊ မပျက်စီးစေရေး ထိန်းသိမ်းပေးကြရန်” ပြောကြားသည်။

ထိုနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ က စာကြည့်တိုက်များတွင် ထားရှိနိုင်ရန်အတွက် ကရင်၊ မွန် တိုင်းရင်းသားသမိုင်း စာအုပ်များနှင့် အင်္ဂလိပ်/မြန်မာ/ကရင် အဘိဓာန်စာအုပ်များ၊ ဆလုံရိုးရာ ပုံပြင်စာအုပ်များ စုစုပေါင်း ၄၈ အုပ်အား ပေးအပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ကြင်ကြင်သန်းနှင့် ခရိုင်/မြို့နယ်ဝန်ထမ်းများက လက်ခံရယူပြီး တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)