နေပြည်တော် ဒီဇင်ဘာ ၂၃
အနုပညာဦးစီးဌာန၏ “အနုသုခုမဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ-၂၀၂၁”ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သုတေသနဆိုသည်မှာ နယ်ပယ်အသီးသီးတွင် မရှိမဖြစ်သည့် လုပ်ငန်းဖြစ်ကြောင်း၊ အချို့သော လုပ်ငန်းများသည် သုတေသနဟု အမည်မခံသော်လည်း သုတေသနသဘော သက်ဝင်သည့် လေ့လာစူးစမ်းမှုများ ပါဝင်နေတတ်ကြောင်း၊ အနုပညာဦးစီးဌာနအနေဖြင့် သုတေသနအလုပ်ကို ဇောင်းပေးထားခြင်းမရှိသော်လည်း တီထွင်ဆန်းသစ်မှုများကို ဖန်တီးရကြောင်း၊ ယင်းသည် အမည်မခံသည့် သုတေသနတစ်ရပ် ဖြစ်ကြောင်း၊ အနုပညာ ဦးစီးဌာနရှိ လေ့ကျင့်ရေးနှင့် သုတေသနဌာနခွဲ၏ အလုပ်တာဝန်များပင်ဖြစ်ကြောင်း။
ယနေ့စာတမ်းဖတ်ပွဲတွင် တင်သွင်းကြမည့် စာတမ်း ၅ စောင်ဖြစ်သော မြန်မာ့လွန်း ရာကျော် ကြိုးကြီးချိတ်၊ ကိုလိုနီခေတ်ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ ဓလေ့ထုံးစံများ၊ မြန်မာ့ရုပ်စုံသဘင်ဇာတ်တော်ကြီးတင်ဆက်မှု အခန်းကဏ္ဏကိုလေ့လာခြင်း နှင့် ချစ်သမျှကိုသစ္စာတိုင်ပတ်ပျိုး၏ အနှစ်သာရများဟူသည့် စာတမ်းများသည် လေ့လာမှုစာတမ်း များ ဖြစ်သကဲ့သို့ ဒြပ်မဲ့ယဉ်ကျေးမှုတွင် ပါဝင်သည့် စာတမ်းများ ဖြစ်ကြသည့်အတွက် သုတ၊ ရသ စွယ်စုံပေးနိုင်မည့် စာတမ်းများဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အနုပညာဦးစီးဌာန အနေဖြင့် မြန်မာ့ဆိုင်းပညာနှင့် ပတ်သက်သော၊ ဇာတ်ခုံတင်ဆက်မှုနှင့် ပတ်သက်သောပညာနှင့် နည်းပညာရပ်များကို ဆက်လက် သုတသနပြု တင်ဆက်ပေးနိုင်ရန် အကြံပြုလိုကြောင်း ပြောကြားသည်။
ထို့နောက် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက စာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းတွင် သုတေသနလက်ထောက်-၁ ဒေါ်မီမီက “မြန်မာ့လွန်းရာ ကျော်ကြိုး ကြီးချိတ် (ကြိုးကြီးချိတ်အဆင်ဒီဇိုင်းများလေ့လာချက်)” စာတမ်းကိုဖတ်ကြားရာ ဦးတင်မောင်လွင် (ပါမောက္ခ-ငြိမ်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်-ရန်ကုန်)က သဘာပတိ အဖြစ်ဆောင်ရွက်ပြီး သုတေသနလက်ထောက်-၂ ဦးတင်လတ်ယု က “ကိုလိုနီခေတ် ဝတ်စားဆင်ယင်ထုံးဖွဲ့မှု” စာတမ်းကို ဆက်လက်ဖတ်ကြားရာ ဦးညွန့်ဟန် (ညွှန်ကြားရေး မှူးချုပ်-ငြိမ်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန)က သဘာပတိအဖြစ် ဆောင်ရွက်သည်။
မွန်းလွဲပိုင်းတွင် စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ အနုပညာရှင်-၂ ဦးရွှေအိုး က “ပအိုဝ်းတိုင်းရင်းသားတို့၏ဓလေ့ထုံးစံများ” စာတမ်းကိုဖတ်ကြားရာ ဦးညွန့်ဟန် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)က သဘာပတိအဖြစ်လည်းကောင်း၊ ဒေါ်ဇင်မာဝင်း(ပန်တျာ ကျောင်းအုပ်၊ အနုပညာအထက်တန်းကျောင်း-ရန်ကုန်)က ရုပ်စုံသဘင်ဇာတ်တော်ကြီး တင်ဆက်မှုအခန်းကဏ္ဍကို လေ့လာခြင်းစာတမ်းကို ဖတ်ကြားရာ ဦးအောင်တိုး (ကထိက-ငြိမ်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်-ရန်ကုန်)က သဘာပတိအဖြစ် လည်းကောင်း၊ ပြင်ပဂီတပညာရှင် စာရေးဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့က “ချစ်သမျှကို သစ္စာတိုင်ပတ်ပျိုး၏ အနှစ်သာရများ” စာတမ်းကိုဖတ်ကြားရာ ဦးအောင်တိုး (ကထိက-ငြိမ်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်-ရန်ကုန်)က သဘာပတိအဖြစ် လည်းကောင်း ဆောင်ရွက်ကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက နိဂုံးချုပ်အမှာစကားပြောကြားပြီး စာတမ်းဖတ်ပွဲကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
စာတမ်းဖတ်ပွဲသို့ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ အထူးဖိတ်ကြားထားသူများ၊ ဝန်ကြီးဌာနအသီးသီးမှ သုတေသီ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


