နေပြည်တော် ဒီဇင်ဘာ ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာ လင်ဒါမူလက်နာလင်းကူမားဒီဆေးဗား နေရာတွင် မစ္စတာ ဂျေ၊ အမ်၊ ဂျန်နကာပရီယန်သာဘန်ဒါရာအား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီး ဖြစ်သည်။

မစ္စတာ ဂျေ၊ အမ်၊ ဂျန်နကာ ပရီယန်သာ ဘန်ဒါရာ ကို ၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် မွေးဖွားခဲ့ပြီး ကိုလံဘိုတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို ၁၉၉၃ ခုနှစ်တွင်ရရှိခဲ့သည်။ ၎င်းသည် ၁၉၉၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အလွတ်တန်းရှေ့နေအဖြစ်လည်းကောင်း၊ တွဲဖက် ခရိုင်တရားသူကြီးအဖြစ်လည်းကောင်း၊ ပိုင်ဆိုင်မှုနှင့် မြေယာ စီမံခန့်ခွဲရေးဆိုင်ရာ အစိုးရရှေ့နေအဖြစ်လည်းကောင်း ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်မှစ၍ သမ္မတဟောင်း မစ္စတာမဟင်ဒါရာဂျာပက်ဆာ၏သာသနာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် လည်းကောင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ အာရပ်စော်ဘွားများ ပြည်ထောင်စုဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး အဖြစ်လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဆာဘရာဂမူဝါ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ လွှတ်တော်ကိုယ်စားလှယ် (အမျိုးသားစာရင်း)အဖြစ်နှင့် လွှတ်တော်ပြည်သူ့အသနားခံစာတင်သွင်းရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအလွန်ကာလ တွင်သမ္မတဟောင်း မစ္စတာမဟင်ဒါရာဂျာပက်ဆာ၏ ညှိနှိုင်းရေးမှူး အဖြစ် လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှစ၍ အလွတ်တန်းဥပဒေရေးရာ ဝါရင့်အကြံပေးအဖြစ် လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ သမ္မတဟောင်း မစ္စတာမဟင်ဒါရာဂျာပက်ဆာမှ ဘဏ္ဍာရေးဝန်ကြီးအဖြစ်ဆောင်ရွက်စဉ် ၎င်း၏ ကိုယ်ရေးအရာရှိအဖြစ် လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအထိ ဝန်ကြီးချုပ် မစ္စတာ မဟင်ဒါရာဂျာပက်ဆာ၏ လွှတ်တော်ကိစ္စရပ်များဆိုင်ရာ အတွင်းရေးမှူးအဖြစ်လည်းကောင်း အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့သည်။

၎င်းသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်မှ ယနေ့အထိ နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီမှု ရရှိထားသူဖြစ်ပြီး လက်ရှိတွင် နိုင်ဂျီးရီးယားနိုင်ငံရှိ သီရိလင်္ကာသံရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၎င်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်သည်။

သတင်းစဉ်