ရန်ကုန် ဒီဇင်ဘာ ၂၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန၊ ဓာတုဗေဒဌာန၊ သတ္တဗေဒဌာန၊ ရုက္ခဗေဒဌာနရှိ စာသင်ခန်းများ၊ သိပ္ပံလက်တွေ့ခန်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ စာကြည့်တိုက်များကို လှည့်လည်ကြည့်ရှုသည်။
ယင်းသို့ ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တက္ကသိုလ်ရှိ သုတေသနခန်းများနှင့် သိပ္ပံလက်တွေ့ခန်းများ အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ဒီဇိုင်းနှင့် ခန့်မှန်းကုန်ကျစရိတ်များကို တွက်ချက်တင်ပြရေး၊ စာသင်ဆောင်များ၊ ကျောင်းသား ကျောင်းသူဆောင်များ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် ပြုပြင်မွမ်းမံရေးအတွက် စနစ်တကျ စာရင်းပြုစု တင်ပြကြစေလိုပါကြောင်း၊ တက္ကသိုလ်စာကြည့်တိုက်အတွက် စာအုပ်များ၊ ပရိဘောဂများ ပြည့်စုံအောင် ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ စာသင်ဆောင်များတွင် လျှပ်စစ်မီးခလုတ်များ၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး ဦးစားပေးဆောင်ရွက်ရန် လိုကြောင်း၊ တက္ကသိုလ်များအနေဖြင့် ဒေသထွက်ကုန်၊ ဒေသတွင်း စက်မှုလုပ်ငန်းများနှင့် ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းပေးသော အသုံးချ ဘာသာရပ်များကို သင်ကြားနိုင်ရေးအတွက် တက္ကသိုလ်တစ်ခုချင်းအလိုက် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ ကြိုပို့ရေး အဆင်ပြေချောမွေ့စေရန် မော်တော်ယာဉ်များ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)