ညောင်ဦး ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် စုတည်ကျေးရွာ ဒါန်းတွင်းတဲတိုက်နှင့် တောင်းဇင်းကျေးရွာ တောစွန်တဲတိုက်ရှိ ဒေသခံကျေးလက်နေပြည်သူများ ပွင့်လင်းရာသီကာလ သောက်သုံးရေ အခက်အခဲမဖြစ် စေရေးအတွက ယနေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ် အေးမေတ္တာရေလှူတော်အသင်းက ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သောက်သုံးရေလှူဒါန်းပေးရာတွင် ညောင်ဦးမြို့နယ် အေးမေတ္တာရေလှူတော်အသင်းက သောက်သုံးရေ ကုသိုလ်ရှင် ရန်ကုန်မြို့၊ ဝေမျှခြင်းပရဟိတအဖွဲ့ကိုယ်စား သွားရောက်၍ ဒါန်းတွင်းတဲတိုက်ရှိ အိမ်ခြေ (၄၀) အိမ်မှ လူဦးရေ (၂၀၀) ကျော်အတွက် သောက်သုံးရေဂါလန် ၁၆၀၀ ကိုလည်းကောင်း၊ တောင်ဇင်းကျေးရွာ တောစွန် တဲတိုက်ရှိ အိမ်ခြေ (၂၄)အိမ်မှ လူဦးရေ (၉၀) ကျော်အတွက် သောက်သုံးရေဂါလန် ၁၆၀၀ ကိုလည်းကောင်း စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ပွင့်လင်းရာသီကာလများ၌ သောက်သုံးရေအတွက် မှီခိုအားထားရသော မြေသားမိုးရေလှောင်ကန်များမှာ ဆောလျင်စွာ ရေခန်းခြောက်မှုများ ကြုံတွေ့ရသဖြင့် သောက်သုံးရေ ရှားပါးမှုအခက်အခဲများ နှစ်စဉ်ရင်ဆိုင်နေရလေ့ရှိကြောင်း၊ ဒေသခံကျေးလက်နေပြည်သူများ အနေဖြင့် သောက်သုံးရေအခက်အခဲများ ကြုံတွေ့လာပါက ညောင်ဦးမြို့နယ် အေးမေတ္တာပရဟိတ ရေလှူတော်အဖွဲ့မှ ဦးဝင်းမင်းထွန်း ဖုန်း - ၀၉၄၄၇၂၇၀၀၇၇ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)