မောင်တော   ဒီဇင်ဘာ   ၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဒီဇင်ဘာ ၂၃ ရက်တွင် အမှတ်(၁)နယ်စပ် အဝင်/ အထွက်စခန်းအနီး  ရပ်/ကျေးစာရေးအမျိုးသားတစ်ဦးအား သတ်ဖြတ်ခဲ့သူများထဲမှ တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက အမှတ်(၁) နယ်စပ် အဝင်/ အထွက်စခန်းအနီး  ဆိပ်ကမ်းဘောတံတားထိပ်တွင်  အသတ်ခံခဲ့ရသည့် မောင်ဆန်းဌေးနိုင်၏ အခင်း ဖြစ်ရပ်အား အသေးစိတ်စုံစမ်းခဲ့ရာ သေဆုံးသူ ဆန်းဌေးနိုင်အား သတ်ရာတွင် နော်ဘီဟူဆောင်း (ကျား) အသက် (၁၃)နှစ်၊ (ဘ)မာမတ်ဟူဆောင်း၊ မြို့မအနောက်ရပ်ကွက်နေထိုင်သူ ပါဝင်ခဲ့ကြောင်း သိရှိခဲ့ပြီး နော်ဘီဟူဆောင်း၏ နေအိမ်အား သွားရောက်ရှာဖွေရာ အခင်းဖြစ်စဉ် ၎င်းဝတ်ဆင်ထားသော DENIM Of တံဆိပ်ပါ ယာဘက်ရှေ့ဘက်ကပ်တွင်  သွေးစွန်းနေသည့် ဂျင်းအပြာရောင် ဘောင်းဘီရှည် တစ်ထည် ၊ ACTIVE  SKETCH တံဆိပ်ပါ အင်္ကျီရှေ့၌ သွေးစွန်းနေသည့် အစိမ်းနုရောင်အင်္ကျီ တစ်ထည်တို့အား သိမ်းဆည်းရမိပြီး  တရားခံအား စစ်ဆေးမေးမြန်းရာ သေဆုံးသူ ဆန်းဌေးနိုင်အား ၎င်းသည် အီစမိုင်(ကျား) အသက်(၂၃)နှစ်၊ (ဘ) မာမတ်ဆီဒီး၊ ဆိပ်ကမ်း အလုပ်သမား (POE) ဖေဇီရွာ၊ မြို့မတောင်ရပ်ကွက် နေထိုင်သူနှင့် အမည်မသိ နှစ်ဦးတို့နှင့်အတူ ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြောင်း၊ ၎င်းမှာ သေဆုံးသူ ဆန်းဌေးနိုင် ကိုင်ဆောင်သော ဖုန်းအား ယူဆောင်လာပြီး မြို့မအနောက်ရပ်ကွက်၊ ဖေဇီရွာနေ ဦးလှရွှေ၏ ခြံအလွတ်ဝဲဘက်ထောင့်၌ Redmi တံဆိပ် အပြာရောင်ဖုန်းအား လည်းကောင်း၊ ယာဘက်ခြံထောင့်တွင် MPT ဆင်းကတ်နှင့် Mytel  ဆင်းကတ်တို့အား လွှင့်ပစ်ခဲ့ကြောင်း ပြောကြားချက်အရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ တွေ့ရှိခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ တရားခံ နော်ဘီဟူဆောင်းအား  စစ်ဆေးလျက်ရှိပြီး ထွက်ပြေးတရားခံ အီစမိုင်နှင့် အမည်မသိ နှစ်ဦးတို့အား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ဝေလ(မောင်တော)