ရန်ကုန် ဒီဇင်ဘာ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီးတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ (စျေးများနှင့် ကုန်စည်ပွဲရုံများဌာန)နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စည်ပင်သာယာ စျေးများမှ စျေးသည်များနှင့် ပျံကျစျေးသည်များအား တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဒုတိယအကြိမ် ထိုးနှံပေးသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြနီအသင်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းဝင်များနှင့် ရပ်မိရပ်ဖများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ တန်းစီးစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
တာမွေမြို့နယ်ရှိ စည်ပင်သာယာစျေးများမှ စျေးသည်များနှင့် ပျံကျစျေးသည်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အရိုးကုန်းစျေးမှ စျေးသည် ၂၁၃ ဦး၊ ရာပြည့်စျေးမှ စျေးသည် ၉၈ ဦး၊ တာမွေ(ယာယီ)စျေးမှ စျေးသည် ၉၄ ဦး၊ ကျောက်မြောင်းစျေးမှ စျေးသည် ၇၁ ဦး၊ ဒဂုဏ်ညွန့်စျေးမှ စျေးသည် ၅၇ ဦး၊ မေတ္တာညွန့်စျေးမှ စျေးသည် ၃၀၊ ဟင်းသီးဟင်းရွက်နှင့် သား/ငါး အခွန်လွတ်စျေးမှ စျေးသည် ခြောက်ဦး စုစုပေါင်း ၅၆၉ ဦးအား ပထမအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီး ယခုအခါ အဆိုပါ မြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများမှ စျေးသည်များ နှင့် ပျံကျစျေးသည်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)