မော်လမြိုင် ဒီဇင်ဘာ ၂၄
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မော်လမြိုင်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒီဇင်ဘာ ၂၃ ရက်က မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ တွေ့ဆုံကာ ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးတက် အောင်မြင်စေရေးအတွက် ဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က “အဓိကအားဖြင့် အဂတိလိုက်စားမှု ကင်းရှင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအခါ မြို့နေလူဦးရေ များပြားလာခြင်းကြောင့် မြေနေရာများနှင့် ပတ်သက်၍ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုကြောင်း၊ မြို့၊ ရွာ သန့်ရှင်းသာယာလှပစေရေး၊ ရပ်ရွာလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးစေရေး အထူးဂရုစိုက် ကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်ချက်များ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)