ပွင့်ဖြူ   ဒီဇင်ဘာ   ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် ‌အကောင် အထည်ဖော် တည်ဆောက်ပြီးစီးသည့် အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့ ၊ သက်တော်ရှည်ရပ်ကွက် စကားဝါလမ်းနှင့် အင်ကြင်းလမ်းထောင့်ရှိ အောက်ဆီဂျင်စက်ရုံ ဝင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် ဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ ဝန်ကြီးချုပ် နှင့် တိုင်းဒေသကြီး ဝန်ကြီးများက တည်ဆောက်ပြီးစီးသည့် အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ဝန်ကြီးချုပ် က အောက်ဆီဂျင်စက် Controller  အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တည်ဆောက်ပြီးစီးသည့် အောက်ဆီဂျင်စက်ရုံအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး အောက်ဆီဂျင် ထုတ်လုပ်နေမှုမနှင့် ပတ်သက်ပြီး စနစ်တကျ ထုတ်လုပ်ဖြန့်ဖြူးရေး ၊ စက်ရုံရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းထိန်းသိမ်း စောင့် ရှောက်သွားရန် ဆွေးနွေးမှာကြားသည်။

ပွင့်ဖြူမြို့နယ်၌ တည်ဆောက်ပြီးစီးသည့် အောက်ဆီဂျင်စက်ရုံမှာ 30Nm3/h အမျိုး အစားဖြစ်ပြီး စက်တန်ဖိုးအနေဖြင့် ငွေကျပ် သိန်း ၉၀၀ ကျော်ရှိကြောင်း၊ တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ အထိ လည်ပတ်ထုတ်လုပ်နိုင်ကြောင်း ပွင့်ဖြူမြို့ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဝမ်းထံမှ သိရသည်။ 

ရဲဝင်းနိုင်(ညောင်ဦး)