ကျောက်ပန်းတောင်း   ဒီဇင်ဘာ   ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်ကလပ် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ လုပ်ငန်းတာဝန်စတင်ခြင်းနှင့် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ပထမအကြိမ် ဩဝါဒခံယူ၍ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက တောင်ကလပ်ရှိ အောင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို ကြွရောက်တော်မူလာကြသည့် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်များက နမော တဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး၊ ဓမ္မသုခကျောင်း ဆရာတော် ဘဒ္ဒန္တ  ကေသဝထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက် သံဃာတော် အရှင်သူမြတ်များ ရွတ်ဖတ်သည့် ပရိတ် တရားတော်များကို နာကြားကြပြီး အောင်တော်မူဆရာတေ် ဘဒ္ဒန္တကုမာရ(အဂ္ဂမဟာ ကမ္မဌာနာစရိယ)က ဩဝါဒ ချီးမြှင့်သည်။

ဆက်လက်၍ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဩဝါဒခံယူရခြင်းအကြောင်းကို လျှောက်ထားတင်ပြပြီး ဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး ဦးမြင့်ရွှေက ယခု လွှဲပြောင်းလက်ခံရရှိသည့် ဘဏ္ဍာတော်များနှင့်ပတ်သက်၍ ပိုမိုစနစ်ကျသော ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခွင့်ပြုရန် လျှောက်ထားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းလွင်က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းလျှောက်ထားပြီး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အဖွဲ့ဝင် ဘဒ္ဒန္တဓမ္မာဝုဓ က နိဂုံးချုပ် ဩဝါဒကထာ ချီးမြှင့်သည်။ ထို့နေက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များက သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ် ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း ရုပ်သိမ်းခဲ့ကာ မြို့နယ်တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့တာဝန်ရှိသူများက ဩဝါဒါစရိယဆရာတော်ကြီးများကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သံဃနာယက အဖွဲ့၊ အဖွဲ့ဝင်ဆရာတေ် ဘဒ္ဒန္တ ဓမ္မာဝုဓ၊ မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ သူရိယနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူး ဦးကျော်ကျော်လွင်နှင့် ဝန်ထမ်းများ၊ ပုပ္ပား တောင်ကလပ်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ရုံးအဖွဲ့မှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုနေ(ကျောက်ပန်းတောင်း)