မြိတ်   ဒီဇင်ဘာ   ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် သက်တမ်းကုန်ဆုံး ဆေးဝါးများနှင့် ပျက်စီးနေသော ဆေးဝါးများအား ဒီဇင်ဘာ ၂၄ ရက်က ကလွင်ကျေးရွာ၊ အရှေ့ကုန်းရပ်ကွက်၊ ကလွင်အမှိုက်ပုံအနီး၌ မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆေးကုမ္ပဏီ တာဝန်ရှိသူများနှင့်အတူ မီးရှို့ဖျက်ဆီးခဲ့ကြသည်။

“သက်တမ်းကုန်ဆုံးခဲ့တဲ့ ဆေးဝါးတွေနဲ့ ထားသိုမှုပုံစံလွဲမှားလို့ Aircon Temperature မကိုက်ညီလို့ ဆေးတွေ အရောင်ပြောင်းသွားတာတွေကို သက်ဆိုင်ရာ ဌာနတွေနဲ့ ISO လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်။ ဆေးတွေက တရားဝင် ရောင်းချနေတဲ့ဆေးတွေ ဖြစ်ပါတယ်။ ဒီဆေး တွေကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို သတင်းပို့စစ်ဆေးပြီး ဖျက်ဆီးခြင်းဖြစ်ပါတယ်” ဟု AA Medical Product Co. Ltd မြိတ်ရုံးခွဲမှ မန်နေဂျာ ဦးစိုးမိုးအောင်က ပြောပြသည်။

သက်တမ်းကုန်ဆုံး ဆေးဝါးများနှင့် ပျက်စီးနေသော ဆေးဝါးများကို မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများက AA Medical Product Co. Ltd  မြိတ်ရုံးခွဲမှ မန်နေဂျာ ဦးစိုးမိုးအောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ မြေကျင်းတူး၍ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ဖျက်ဆီးခဲ့သည့် ဆေးဝါးများမှာ စုစုပေါင်း ၃၇ မျိုးရှိပြီး ကာလတန်ဖိုး ၅၈ သိန်းကျော်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ခိုင်ထူး(ပြန်/ဆက်)