မာန်အောင် ဒီဇင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံဝင်း အောက်ဆီဂျင်စက်ရုံ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးရွှေလှအောင်က အဖွင့်အမှာစကားပြောကြားပြီး မာန်အောင်မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မြက စက်ရုံတည်ဆောက်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းက အောက်ဆီဂျင်စက်ရုံ ဖွင့်လှစ်နိုင်သဖြင့် စေတနာရှင် အလှူရှင် ပြည်သူများနှင့် စက်ရုံဖြစ်မြောက်ရေးကော်မတီများအား ကျေးဇူးတင်စကားကို လည်းကောင်း၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီဒုဥက္ကဋ္ဌ ဦးစံတင်က အောက်ဆီဂျင်စက်ရုံ ရေရှည်တည်တံ့လည်ပတ်နိုင်ရေးအတွက် ရှေ့ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို လည်းကောင်း၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးထွန်းမြင့်ဇော်က ရငွေ/သုံးငွေ ငွေစာရင်းရှင်းတမ်းများကို လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အောက်ဆီဂျင်စက်ရုံအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ဆရာဝန်ကြီးနှင့် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မာန်အောင် မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)