ညောင်ဦး ဒီဇင်ဘာ ၂၅
ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အထင်ကရ သမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများတွင် ပြည်တွင်းဘုရားဖူး ဧည့်သည်များ များပြားစွာလာရောက်လျက်ရှိကြောင်း လောကနန္ဒာ စွယ်တော်မြတ်စေတီ ဂေါပက အတွင်းရေးမှူး ဦးထင်လင်းဦးက ပြောပြသည်။
ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွင် ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော်သုံးဆူ၊ ဧရာဝတီမြစ် တစ်ဘက်ကမ်းရှိ ပခုက္ကူမြို့နယ် တန့် ကြည်တောင်စွယ်တော်မြတ်စေတီ၊ မဟာငှက်ပစ်တောင် စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဇူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂ ဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲ နားဋောင်းဘုရား၊ ပုထိုးသားများ ဘုရား၊ ဆင်များရှင်ဘုရား ၊ မနုဟာဘုရား ၊ ဓမ္မရာဇက ဘုရား၊ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မကြီးနှင့် စူဠာမဏိ ဘုရားများတွင် ကားထားသည့်နေရာ အခက်အခဲဖြစ်သည်အထိ လာရောက်လည်ပတ်သည့် ပြည်တွင်း ခရီးသွားဘုရားဖူးဧည့်သည် များပြားလျက်ရှိသည်။
ပွဲတော်အချိန်ခါမဟုတ်သည့်(အခါကြီးရက်ကြီး)အချိန်မှာပင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသည် ပြည်တွင်း ပြည်ပ ခရီးသွားအဆက်မပြတ်သည့်မြို့ ဖြစ်ကာ သီတင်းကျွတ်ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်၊ ဒီဇင်ဘာခရစ္စမတ် ရုံးပိတ်ရက်/ကျောင်းပိတ်ရက်များတွင် ပုဂံဒေသ၏ အလွန် ရှေးကျပြီး ပကတိအတိုင်းရှိနေသေးသည့် ဘုရား၊ ပုထိုး ၊ သာသနိက အဆောက်အအုံများ ယနေ့တိုင် ရှိနေခြင်း၊ အုတ်ရိုး၊ နန်းမြို့ရိုး၊ အုတ်ပုံများနှင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း နေရာစိပ်စိပ်နှင့် လက်ညှိုးထိုးမလွှဲ တစ်နေရာနှင့်တစ်နေရာ မဝေးကွာဘဲ တစ်ဆက်တစ်စပ်ထဲ ဘုရား ပုထိုးများ ဖူးမြော်နိုင်ခြင်းက ပြည်တွင်း ပြည်ပခရီးသွားများကို အလွန်ပင်စွဲဆောင်လှကြောင်း၊ ပုဂံဒေသ ဘယ်နှခေါက်ရောက်ရောက် ထပ်ထပ်ကာ လာချင်စိတ်ဖြစ်စေကြောင်း၊ ရန်ကုန်မြို့မှ အဖွဲ့လိုက် ဘုရားဖူး လာရောက်ကြသည့် မစန်းစန်းလွင်က ပြောပြပြီး ဘုရားဖူးများ၊ ခရီးသွား ပြည်တွင်းပြည်ပ ခရီးသွားများ အမြဲတမ်းမပြတ်ရှိနေခြင်းက ပုဂံ-ညောင်ဦး ရှေးဟောင်းနယ်မြေအား တန်ဖိုးထားလို့သာ ထပ်ကာထပ်ကာ လာရောက်ကြခြင်းဖြစ်ကြောင်း နတ်မောက်မြို့မှ ဘုရားဖူး လာရောက်သည့် ဒေါ်စိန်တင့်က ပြောပြသည်။
ခရစ္စမတ်အားလပ်ရက် ပုဂံ-ညောင်ဦး ဘုရားဖူးလာရောက်သူ ၃၀၀၀ ကျော်ရှိကြောင်း ရွှေစည်းခုံဘုရား ဂေါပက ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးက ပြောပြ၍ သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


