နေပြည်တော် ဒီဇင်ဘာ ၂၅
သင်္ဃန်းကျွန်းမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်၊ သုမင်္ဂလာလမ်းတွင် မင်းလှစိုး(ခ) အဖွာရ်အဒ် မောင်းနှင်ပြီး လှချို(ခ) အဒူရာမန်နှင့် ဝေဇင်(ခ) သော်ဇင်လတ်(ခ) အာလာဖတ် တို့ လိုက်ပါ လာသည့် Vigo မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း တွေ့ရှိ သိမ်းဆည်းရမိပြီး စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၃ နာရီခွဲတွင် ၎င်းတို့ ငှားရမ်းနေထိုင်သည့် သင်္ဃန်းကျွန်း မြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ကျန်စစ်သားလမ်း၊ အိမ်အမှတ် (၁၇၀)ကို ဆက်လက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၁ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ် ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၃ သိန်း သိမ်းဆည်းရမိမှုကြောင့် ၎င်းတို့ သုံးဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


