နေပြည်တော် ဒီဇင်ဘာ ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် တောင်ဆက် အင်းကျေးရွာအနီးရှိ ဝါးကတုတ်ရေလှောင်တမံတွင် ရေပေါ်လှောင်အိမ်စနစ်ဖြင့် မွေးမြူထားသော ငါးခုံးမကြီး၊ တီလားပီးယားနှင့် ရေချိုငါးမွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြပြီး ရေပေါ်လှောင်အိမ် ငါးမွေး ကန်အတွင်း ငါးသားပေါက်များ ထည့်သွင်းပေးကြ သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံ၍  ပြည်သူများ ငါးသယံဇာတများ ကိုအခြေခံသည့် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိရေး တို့အတွက် သဘာဝမြစ်ချောင်းများနှင့် ဆည်၊ ကန်များအတွင်းသို့ နှစ်စဉ် ငါးသားပေါက်များ မျိုးစိုက်ထည့်ပေးလျက်ရှိရာ ယခုနှစ်တွင် ရှင်သန်နှုန်းပိုမိုအား ကောင်း မွန်သည့်(၂)လက်မ အရွယ် ငါးသားပေါက်ကောင်ရေ သိန်းတစ်ထောင်ကျော် ငါးမျိုးစိုက် ထည့်ပေးနိုင်ခဲ့သဖြင့် မူလလျာထားချက်ထက် ကျော်လွန်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ တစ်နိုင်ငံလုံး၌ ငါး ပုစွန် ကဏန်းမွေးကန် ဧကပေါင်းငါးသိန်းခန့် လုပ်ကိုင်ဆောင်ရွက်နေသော်လည်း ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ ပို့ကုန်တိုးမြှင့်ရေးနှင့် ရေရှည်တည်တံ့သော ထုတ်လုပ်မှုဖြစ်စေရေးအတွက် မွေးမြူထုတ်လုပ်မှုတိုးချဲ့ရေး၊ ကောင်းမွန်သော ငါးမွေးမြူရေးစနစ် GAqP (ဂျီအေကျူပီ) လိုက်နာကျင့်ကျင့်သုံးမှု တိုးပွားလာရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အကန့်အသတ်များ ရှိနေပြီး အရင်းအနှီးစရိတ် များပြားသည့် ငါးကန်များ တူးဖော်လုပ်ကိုင်ခြင်းအစား အခြေအနေ ပေးသည့် သဘာဝ ရေပြင်ကျယ်များတွင် ရေပေါ် လှောင်အိမ် စနစ်ဖြင့် ရေချို ငါး ပုစွန်မွေးမြူလုပ်ကိုင်နိုင်ရန် ပညာပေးဆောင်ရွက်လျက်ရှိပြီး ဒေသခံများ ဦးစားပေးလုပ်ကိုင်နိုင်ရေး၊ လုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံလုပ်ကိုင်နိုင်ရေးတို့ကိုလည်း စနစ်တကျ စီမံဆောင်ရွက် ပေးလျက်ရှိရာ သက်ဆိုင်သူအားလုံးက ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှော်ကား ငါးလုပ်ငန်းစခန်းသို့ ရောက်ရှိကြပြီး (GAqP) စနစ် ငါးမွေးမြူရေးကန် တည်ဆောက်မည့်  အခြေအနေနှင့် ဒေသနှင့် ကိုက်ညီသည့် ပြည်တွင်း၊ ပြည်ပငါးမျိုးသစ်များ သားဖောက်ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ရှားပါးလာသည့် တိုင်းရင်းငါးမျိုးစိတ်များ သုတေသနပြုဖေါ်ထုတ်၍ သားဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရေငန်ငါးနမူနာ ရုပ်ကြွင်းပြခန်း၊ ဝေလငါးပြာ အရိုးစုနှင့် ရေချိုငါးနမူနာ ရုပ်ကြွင်းပြခန်းများကို ကြည့်ရှုစစ်ဆေးသည်။

အလားတူ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ ငါးလုပ်ငန်း အတတ်သင် သိပ္ပံကျောင်း၏ စာသင်ခန်းများ၊ ဓါတ်ခွဲခန်းများ၊ အိပ်ဆောင်များနှင့် စားရိပ်သာများ တည်ဆောက်ပြီးစီးမှုနှင့် ကျောင်းဖွင့်ရာသီအမှီ ကြိုတင်ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ် (၉)မိုင်ရှိ ဆည်မြောင်းနှင့်ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာန၊ တည်ဆောက်ရေး(၉) အစည်းအဝေးခန်းမတွင် တိုင်းအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်က ချမှတ်ထားသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများအပေါ် လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)