ရန်ကုန် ဒီဇင်ဘာ ၂၆
ရန်ကုန်မြို့ ပြည်လမ်း အင်းလျားကန်ပေါင် ပန်းခြံမြက်ခင်းပြင်တွင် အများပြည်သူရုံးပိတ်ရက်ကာလ မိသားစုများ အနားယူအပန်းဖြေ သူများ စည်ကားနေသည်ကို ခရစ္စမတ်ရုံးပိတ်ရက် ဒီဇင်ဘာ ၂၅ ရက် ညနေခင်း၌ မြင်တွေ့ရသည်။
ပြည်လမ်း အင်းလျားကန်ပေါင် ပန်းခြံတွင်လာရောက်အပန်းဖြေ အနားယူကြသည့်အပြင် နံနက်ခင်းနှင့် ညနေခင်းအချိန်များ၌ လည်း ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်သူများ၊ လမ်းလျှောက်အပန်းဖြေသူများ၊ အားကစား ပြုလုပ်သူများဖြင့် စည်ကားလေ့ရှိသည့်အပြင် ယခုလိုအများပြည်သူ ရုံးပိတ်ရက် အားလပ်ချိန်များတွင်လည်း မိသားစုများနှင့်အတူအနားယူသူ၊ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်းရှိ အနားယူအပန်းဖြေနိုင်သော ပန်းခြံပေါင်း ၆၀ ကျော်နှင့် အားကစားကွင်း ၁ဝဝ ကျော်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် အများပြည်သူ အနားယူအပန်းဖြေနိုင်သော နေရာသစ်များကို ရှာဖွေဖော်ထုတ်လျက် ရှိသည်။ ထို့ပြင် လက်ရှိပန်းခြံများနှင့် အားကစားကွင်းနေရာများတွင်လည်း အများပြည်သူ သန့်စင်ခန်းများ ထပ်မံတိုးချဲ့ တည်ဆောက်ပေးလျက်ရှိရာ ယခုဘဏ္ဍာနှစ်တွင် ကမ္ဘာအေးစေတီလမ်း အင်းလျားကန်ပေါင်၌ အများသုံးသန့်စင်ခန်းများ တိုးချဲ့တည်ဆောက်မှုလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စောသိန်းဝင်း