ကချင်ပြည်နယ် ၊ ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံတွင် အကြီးဆုံးရေချိုကန်ကြီးဖြစ်သည့် အာဆီယံအမွေအနှစ်ဥယျာဉ်နှင့် ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ထားသော ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ အင်းတော်ကြီးကန်တွင် အဏ္ဏဝါသိပ္ပံလောက၌ မှတ်တမ်းတင် ထားခြင်းမရှိသေးသည့် ငါးမျိုးစိတ် လေးမျိုးနှင့် ကမ္ဘာ့ရှားပါးငါးမျိုးစိတ် နှစ်မျိုးတို့ ရှင်သန်ကျက်စားလျက်ရှိသည်။

အင်းတော်ကြီးကန်သည် ၃၁၄ ဒသမ ၆၇ စတုရန်းမိုင်ကျယ်ဝန်းပြီး တောရိုင်တိရစ္ဆာန်ဘေးမဲ့တောအဖြစ် သစ်တောဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့်အပြင် ရေချိုကန်ကြီးအတွင်းရှိ ငါးမျိုးစိတ်များ စာရင်းကောက်ယူခြင်းနှင့် ကန်အတွင်းရှိ ရေအရည်အသွေးဆန်းစစ်ခြင်းကို FFI အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဇီဝအဝန်းနယ်မြေဖြစ်၍ ဆောင်းခိုငှက်များ နှစ်စဉ် ဝင်ရောက်ကျက်စားလျက် ရှိသည့်အပြင် ရုက္ခနှင်ဇီဝတို့ရှင်သန်လျက်ရှိရာ ငါးမျိုးစိတ်များစွာ ရှင်သန်ပေါက်ပွားမှုကြောင့် ကန်၏ အရည်အသွေးသည် အထူးအရေးပါသည့်အတွက် FFI နှင့်ပူး‌ပေါင်းလေ့လာ၍ ဂျာမဏီနိုင်ငံရှိ တက္ကသိုလ်တို့တွင် ကန်ရေကိုဓာတ်ခွဲစမ်းသပ် လုပ်ဆောင်လျက်ရှိသည်။

“အင်းတော်ကြီးကန်ရဲ့အရည်အသွေးကို နှစ်စဉ ်စမ်းသပ်ပါတယ်။ ၂၀၁၆ ခုနှစ်ကစပြီး ယနေ့အချိန်ထိ ကန်အရေအသွေး သိသိသာသာ ပြောင်းလဲမှုမရှိပေမယ့် အနည်းငယ်ပြောင်းလဲမှု ရှိတယ်လို့ဆိုရမှာပါ။ ကမ္ဘာပေါ်မှာ မရှိသေးဘဲ အဏ္ဏဝါသိပ္ပံလောကမှာလည်း မှတ်တမ်းတင်ထားခြင်းမရှိသေးတဲ့ ငါးသားလဲထိုးငါးမျိုးစိတ် လေးမျိုးနဲ့ အဲ့ဒီဒေသမှာသာတွေ့ရတဲ့ ငါးမျိုးစိတ် နှစ်မျိုးကို အင်းတော်ကြီးကန်မှာ တွေ့ရတာဟာ အင်းတော်ကြီး ရမ်ဆာရေဝပ်ဒေသအတွက် ဂုဏ်ယူဖွယ်တစ်ခုပါ”ဟု အင်းတော်ကြီးကန် ဘေးမဲ့တော အုပ်ချုပ်ရေးမှုး ဦးမောင်ဝင်းက ပြောကြားသည်။

အင်းတောကြီးကန်သည် အင်းလေးကန်ကဲ့သို့လူနေထိုင်မှုမရှိခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကန်အရေအသွေး သိသာစွာထိခိုက်မှုမရှိခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ရမ်ဆာရေဝပ်ဒေသ ရှစ်ခုတွင် ဆောင်းခိုငှက်များအများ ဆုံးပျော်မွေ့ရာနေရာတစ်ခုအဖြစ် တွေ့မြင်ရခြင်းဖြစ်သည်။ ကန်အတွင်း ငါးမျိုးစိတ်များ ပေါများခြင်းသည် ဌာနေငှက်များနှင့် ရေပျော်ဆောင်းခိုငှက်တို့ စွဲဆောင်လျက်ရှိပြီး ရေအရည်ကောင်းမွန်ခြင်းသည် ဆောင်းခိုငှက်များနှင့် ကမ္ဘာ့ရှားပါးငါးမျိုးစိတ်တို့ ရှင်သန်ပေါက်ပွားရာနေရာအဖြစ် နိုင်ငံအတွက် ဂုဏ်ဆောင်လျက်ရှိသည်။

အင်းတောကြီးကန်နှင့် ဆက်စပ်ရေဝပ်ဧရိယာတွင် မှတ်တမ်းတင်ထားခြင်းမရှိသေးသည့် ငါးသားလဲထိုးမျိုးစိတ် လေးမျိုးနှင့် အင်းတော်ကြီးကန်ဒေသမျိုးရင်း ငါးမျိုးစိတ် နှစ်မျိုးဖြစ်သော မိချောင်းသွားကြားထိုးတံငါးနှင့် ရေနယားငါးနှစ်မျိုးတို့အပြင် ငါးမျိုးစိတ်ပေါင်း(၉၅)မျိုး ရှင်သန်လျက်ရှိသည်။

အင်းတော်ကြီးကန်တွင် ကျက်စားလျက်ရှိသည့် ငါးမျိုးစိတ်များနှင့်စပ်လျဉ်း၍ နော်ဝေနိုင်ငံနှင့် ဂျာမဏီနိုင်ငံတို့က သိပ္ပံနည်းကျစမ်းသပ်မှုနှင့် စာရင်းကောက်ယူမှုကိုလည်း ဆောင်ရွက်လျက်ရှိသည်

မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ပွားရာ အင်းတော်ကြီးကန်ဒေသသည် သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်းကို အထောက်အပံ့ဖြစ်စေလျက်ရှိပြီး   မြန်မာနိုင်ငံတွင် အကြီးဆုံးရေချိုကန်ကြီးလည်း ဖြစ်ကြောင်း သိရသည်။

ညိမ်းသူ (သတင်းစဉ်)

ဓာတ်ပုံ - ကနူး