မော်လမြိုင် ဒီဇင်ဘာ ၂၆
ပြည်သူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်မှုရှိမှသာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုနိုင်စေမည့် ရည်ရွယ်ချက်ဖြင့် (Myanmar Fitness Dance) စုပေါင်းကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီက မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်၊ ကမ်းနားလမ်း ရေပေါ်ညဈေးနေရာတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းနည်းပြများနှင့် သင်တန်းသူများ၊ ပညာရေးကောလိပ် သင်တန်းသူများ၊ သူနာပြုသင်တန်းသူများနှင့် ဒေသခံ အားကစားဝါသနာရှင်များ စုပေါင်းပါဝင်ဆင်နွှဲကြသည်။
စုပေါင်းကိုယ်လက်လှုပ်ရှားမှု (Myanmar Fitness Dance) ကို အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) မှ သင်တန်းနည်းပြများက ကျန်းမာရေးအထောက်အကူပြု အားကစားနည်း လေ့ကျင့်ခန်းအတွဲ (၁)၊ (၂)၊ (၃)ကို စိတ်ပါဝင်စားစွာ လိုက်ပါကစားနိုင်အောင် သရုပ်ပြပေးရာတွင် ပါဝင်ကစားသူများသည် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ တစ်ပျော်တစ်ပါး စုပေါင်းလှုပ်ရှားကစားကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးသည် နိုင်ငံတော်က အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ ပြည်သူများ ကိုယ်ကာယကြံ့ခိုင်မှုရှိမှသာ ကျန်းမာပျော်ရွှင်သောဘဝ ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်းနှင့် လူတိုင်းကိုယ်ကာယ လေ့ကျင့်ခန်း ပုံမှန်ဆောင်ရွက်လျှင် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အတူ မော်လမြိုင် ကမ်းနားလမ်းတစ်လျှောက်တွင်လည်း လမ်းလျှောက်သူများ၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်း ဆောင်ရွက်သူများအတွက် လေကောင်း၊ လေသန့်ရရှိပြီး စိတ်လက်အပန်းဖြေစရာနေရာ စီစဉ်ပေးထားကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)