ရန်ကုန်   ဒီဇင်ဘာ   ၂၇

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့ တောင်အာရှအားကစား (ဆီးဂိမ်း)ပြိုင်ပွဲတွင် သေနတ်ပစ်အားကစားအဖွဲ့ချုပ်မှ ကစားနည်း ၁၆ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

လာမည့် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ သေနတ်ပစ်အားကစားနည်းတွင် အိမ်ရှင်မှ ကစားနည်း ၂၂ မျိုး ထည့်သွင်းထားပြီး မြန်မာသေနတ်ပစ်အားကစားအဖွဲ့က ရိုင်ဖယ်ရှစ်မျိုး၊ ပစ္စတို ရှစ်မျိုး စုစုပေါင်း ၁၆ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သေနတ်ပစ်အားကစားနည်းအတွက် ပဏာမလက်ရွေးစင်အဖြစ် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးခန့် ရွေးချယ်ထားပြီး ၂၀၂၁ ခုနှစ် ဧပြီလမှ စတင်ကာ ရန်ကုန်မြို့ရှိ ဒဂုံမြို့သစ်မြောက်ပိုင်း အပြည်ပြည် ဆိုင်ရာ သေနတ်ပစ်အားကစားကွင်းတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။

“လာမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ ဆုတံဆိပ်အနေနဲ့ အမျိုးသား ပစ္စတိုအသင်းကို မှန်းထားပါတယ်။ သေနတ်ပစ်အားကစားနည်းက စိတ်ပိုင်းဆိုင်ရာမှာ အရေးကြီးပါတယ်။ စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော နှစ်ပြီးတော့ ကစားရတဲ့ အားကစားနည်းဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအားကောင်းရင် ကောင်းသလောက် အနိုင်ရရှိမှာပါ။ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုအပြည့်၊ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားနိုင်တဲ့ ကစားသမားကတော့ အောင်ပန်းဆွတ်ခူးနိုင်မှာပါ” ဟု ပစ္စတိုနည်းပြ ဦးသိန်းကြွယ်က ပြောသည်။

သေနတ်ပစ်အားကစားနည်းအနေဖြင့် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပြီး လာမယ့် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိရေးအတွက် အား/ကာ(သိပ္ပံ)၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ကြည်း၊ ရေ၊ လေပြိုင်ပွဲ၊ အမျိုးသား တံခွန်စိုက်ပြိုင်ပွဲမှ ကစားသမားများအား ရွေးချယ် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-တင်စိုး