နယူးဒေလီ ဒီဇင်ဘာ ၂၇

 

အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာ မိုဒီသည် အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြားပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးမည့် အစီအစဉ်ကို ကြေညာခဲ့သည်။ ။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်ကူးစက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ယခုလို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဇန်နဝါရီ ၃ ရက်မှ စတင်ကာ အသက် ၁၅ နှစ်နှင့်အထက်များကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဟု အိန္ဒိယဝန်ကြီး ချုပ်က ဒီဇင်ဘာ ၂၅ ရက် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 

ကျန်းမာရေးဝန်ထမ်းများအတွက် အပိုဆောင်း ကာကွယ်ဆေးထိုးပေးမည့်အစီအစဉ်ကို ဇန်နဝါရီ ၁၀ ရက်မှစတင်ကာ ထိုးနှံပေးမည်ဟု သိရသည်။ အသက် ၆၀ နှင့်အထက် ကျန်းမာရေးအားနည်း သူများကိုလည်း ဆရာဝန်၏ အကြံပြုချက်ဖြင့် တတိယအကြိမ် ကာကွယ်ဆေးထိုးပေးသွားမည် ဟု ၎င်းကဆက်လက်ပြောကြားသည်။ ။

 

တိုင်းပြည်အတွင်း အိုမီခရွန်ခြိမ်းခြောက်မှုကို ပြောကြားခဲ့ပြီး ပြည်သူများ အကြောက်မလွန်ကြရန်လည်း တိုက်တွန်းခဲ့သည်။ အိန္ဒိယနိုင်ငံတွင် အသက် ၁၈ နှစ်နှင့်အထက် ၉၀ ရာခိုင်နှုန်းမှာ အနည်းဆုံး တစ်ကြိမ်ကာကွယ်ဆေး ထိုးပြီးဖြစ်ကာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူအရေအတွက်မှာ ၆၁ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

 

အိန္ဒိယနိုင်ငံတွင် အိုမီခရွန်ကူးစက်ခံရသူ ၄၁၅ ဦးရှိပြီဟု သိရသည်။ အချို့သောနေရာများတွင် ညဘက် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ထုတ်ထားဆဲဖြစ်သည်။

 

အင်န်အိတ်ချ်ကေ