ဆော်ပေါ်လို ဒီဇင်ဘာ ၂၇
ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း ဘာဟီယာပြည်နယ်၌ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဆည်ကျိုးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့၌ ပြောကြားသည်။
အဆိုပါ မတော်တဆမှုဖြစ်ပွားသော အိုင်ဂေါဆည်သည် ဘာဟီယာပြည်နယ်တောင်ပိုင်း ဗစ်တိုးရီးယားဒါကွန်ကွစ်စတာ မြို့အနီး၌ တည်ရှိပြီး အဆိုပါဆည်အနီးအနားရှိအိုက်တန်ဘီမြို့မှ ဒေသခံများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်။
အဆိုပါ ဆည်ကျိုးပေါက်ပြိုကျရာမှတစ်ဆင့် စီးဆင်းလာသော ရေများသည် အရှိန်ဟုန်ပြင်းစွာဖြင့် အိုက်တန်ဘီမြို့ အတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။ အိုက်တန်ဘီဒေသသည် ဘာဟီယာပြည်နယ်၏ တောင်ပိုင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရာ ဒေသဖြစ်သည်။ အဆိုပါသဘာဝဘေးကြောင့် ဘရာဇီးနိုင်ငံ တောင်ပိုင်းနှင့် အရှေ့မြောက်ပိုင်းကို ဆက်သွယ်ထားသော အဝေးပြေးလမ်းမ ပိတ်ဆို့သွားနိုင်ကြောင်း ဗစ်တိုးရီးယား ဒါကွန်ကွစ်စတာ မြို့တော်ဝန် ရှီလာလီမော့က်က ပြောကြားသည်။ ဘာဟီယာပြည်နယ်၌ လက်ရှိအချိန်တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားလျက်ရှိသဖြင့် ဒေသခံထောင်ပေါင်းများစွာ မိမိတို့နေအိမ်များအား စွန့်ခွာခဲ့ရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ရိုင်ကက်စထရိုက ပြောကြားသည်။
ကိုးကား - ယူအက်စ်နယူးစ်
ဘာသာပြန် - စိုးသူရ