နယူးဒေလီ ဒီဇင်ဘာ ၂၇
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ် မူဇက်ဖပါခရိုင်ရှိ ခေါက်ဆွဲစက်ရုံ၌ ဘွိုင်လာအိုးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ခြောက်ဦး သေဆုံးကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားသည်။
လက်ရှိအချိန်၌ စက်ယန္တရားကြီးများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အပျက်အစီးများကြားတွင် အသက်ရှင်ကျန်ရစ်သူနှင့် သေဆုံးသူများ ထပ်မံစစ်ဆေး ရှာဖွေနေကြောင်း မူဇက်ဖပါခရိုင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ပရာဗန်ကူးမားက ပြောကြားသည်။
လက်ရှိအချိန်၌ အခင်းဖြစ်နေရာတွင် ကယ်ဆယ်ရေး ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ချထားပြီး အဆိုပါ ပေါက်ကွဲမှု၏ ဇာစ်မြစ်ကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုဖြစ်ပွားသော ပေါက်ကွဲမှုမှာ ပြင်းထန်သဖြင့် အနီးအနားရှိ စက်ရုံများ၌ ပျက်စီးမှုများရှိကြောင်း သိရသည်။ ယခုဖြစ်စဉ်၌ အဆိုပါဒေသရှိ ဒေသခံများမှာ မိမိတို့နေအိမ်များမှ ထွက်ပြေး သွားကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ