ပဲခူး ဒီဇင်ဘာ ၂၇

 

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ဘက်ပေါင်းစုံ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး CMP ကဲ့သို့သော အထည်ချုပ်လုပ်ငန်းများနှင့် လုပ်သားအင်အားများစွာ အလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့် စက်ရုံများကို အဓိကထား ခွင့်ပြုပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြားသည်။

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့်  ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး(၆/၂၀၂၁)တွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များကို ရသင့်ရထိုက်သည့် အခွင့်အရေးများ ခံစားရရှိနိုင်ရေးနှင့် ဥပဒေအရ အကာအကွယ်ပေးရမည့် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများအတွက် လိုအပ်သော လျှပ်စစ်၊ ရေနှင့် လမ်းများကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဆောင်ရွက်နိုင်ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက အကြံပြုဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းဆောင်ရွက်ခွင့်ပြုပေးသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှမှု အမေရိကန်ဒေါ်လာ (၉၁ ဒသမ ၁၃၉)သန်းနှင့် မြန်မာကျပ်ငွေ (၂၄၄၁ ဒသမ ၈၂)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်သမား (၄၇၁၇) ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်