နေပြည်တော် ဒီဇင်ဘာ ၂၇
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေး ဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ နေပြည်တော်ရှိ လီဆူတိုင်းရင်းသားများ ကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားမစတင်မီ ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် ဧည့်သည်တော်များက ဝန်ကြီးဌာန မြေညီထပ်၌ ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံရှိ အဓိကလူမျိုးကြီး (၈) စုနှင့် သက်ဆိုင်သည့် ပြကွက်များ၊ တိုင်းရင်းသားမျိုးနွယ်စု (၅၀) နှင့် သက်ဆိုင်သည့် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများ၊ ရိုးရာတူရိယာများနှင့် အသုံးအဆောင် ပစ္စည်းပြခန်းများကို ကြည့်ရှုကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသည် အရေးကြီးကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းမှ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ပြည်သူများလည်း စားဝတ်နေရေး ပြေလည်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြရမည် ဖြစ်ကြောင်း၊ တိုင်းပြည်တိုးတက်ရေးအတွက် ခေါင်းဆောင်မှု၊ မူဝါဒနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုတို့ အဓိကကျကြောင်း၊ ထို့အတူ မေတ္တာတရားထားရှိခြင်းသည်လည်း အရေးကြီးကြောင်း။
နိုင်ငံ၏ ရာဇဝင်သမိုင်းကြောင်းကိုသိမှ နိုင်ငံကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ မပပျောက်စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက် ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၊ ပြည်သူများအားလုံး တန်းတူညီမျှ အခွင့်အရေးရရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စုပေါင်း ဆောင်ရွက်မှုရှိပါက အရာရာ အောင်မြင်နိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်ဝင်းခိုင်၊ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း နှင့် လီဆူတိုင်းရင်းသားများ၏ ကိုယ်စားလှယ် ဦးဇယ်ဒေါင် (ခ) လာအားဆာတို့က တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်