နေပြည်တော် ဒီဇင်ဘာ၂၇

 

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အစီအစဉ်အရ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပညာရေး အဖွဲ့ဝင်များသည်  ပညာရေးအဖွဲ့အစည်းအဝေးကျင်းပပြီး ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်ကာ သတ်မှတ်နေရာများတွင် နေရာယူကြသည်။

 

ယင်းနောက် မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော်သီချင်း တီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင် ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများကို ကတိသစ္စာခံယူစေခြင်း၊ သက်ဆိုင်ရာဌာနမှူးများက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

 

ဆက်လက်၍ ပါမောက္ခချုပ်က သူနာပြုသိပ္ပံဘွဲ့ ၅၂ ဦး၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ လေးဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ (ဓာတ်ခွဲနည်းပညာ) ခုနစ်ဦး၊ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ ငါးဦး၊ ခန္ဓာသန်စွမ်းမှုနည်းပညာ ငါးဦး၊ ခြေတုလက်တုနှင့် အားပြုကိရိယာနည်းပညာသိပ္ပံဘွဲ့ နှစ်ဦး စုစုပေါင်း ၇၅ ဦးတို့ကို ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့ရသူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင် အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) ၁၅ ဦးကို အဝေးရောက် ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းကာ ဘွဲ့နှင့်လျော်ညီသော အဆောင်အယောင် အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုသည်။ ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးသည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်အနေဖြင့် ၂၀၀၃ ခုနှစ်မှ စတင်၍ ဘွဲ့နှင်းသဘင် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ယနေ့အထိ သူနာပြုပါရဂူဘွဲ့ ၂၄ ဦး၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့ ၂၄၁ ဦး၊ သူနာပြုမဟာ သိပ္ပံဘွဲ့ ၄၂၀ ၊ ဆေးဝါးမဟာသိပ္ပံဘွဲ့နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာမဟာ သိပ္ပံဘွဲ့ ၁၈၄ ဦး၊ သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး) ၁၁၃ ဦး၊ ဆေးဘက်ဆိုင်ရာ အသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေခြင်းနည်းပညာ ဒီပလိုမာဘွဲ့ ၁၆ ဦး၊ အထူးကြပ်မတ် သူနာပြုစုမှု ဒီပလိုမာဘွဲ့  ၂၂ ဦး၊ ခွဲစိတ်ခန်း သူနာပြုစုမှု ဒီပလိုမာဘွဲ့ ၆၅ ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၃၂၁၆ ဦး၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့  ၂၁၃ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာသိပ္ပံဘွဲ့ ၆၂၆ ဦး စုစုပေါင်း ၅၁၄၀ တို့ကို ဘွဲ့များအပ်နှင်းပေးခဲ့ပြီး ဖြစ်သည်။

 

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ရှိ စာပေသင်ကြားရေးဆိုင်ရာ နည်းပြအရာရှိများ နိုင်ငံတကာအဆင့်မီ အတတ်ပညာများ ရရှိရေးအတွက် ပြည်ပသင်တန်းများ တက်ရောက်စေလွှတ်ခဲ့ရာ ၁၉၉၈ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသူတစ်ဦး၊ ၁၉၉၉ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသူနှစ်ဦး၊ ၂၀၀၁ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသူနှစ်ဦးနှင့် သူနာပြုမဟာသိပ္ပံဘွဲ့အတွက် သင်တန်းသူရှစ်ဦးတို့ကို သြစတြေးလျနိုင်ငံ La Trobe တက္ကသိုလ်သို့ စေလွှတ်ပညာသင်ကြားစေခဲ့ပြီး အဆိုပါသင်တန်းသူ ၁၃ ဦးကို အဆိုပါတက္ကသိုလ်မှ ဘွဲ့အပ်နှင်းသည့် အခမ်းအနားကို ၂၀၀၄ ခုနှစ်တွင် တပ်မတော် ဆေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သည်။ အလားတူ ထိုင်းနိုင်ငံ Ching Mai University နှင့် Mahidol University တို့တွင် သူနာပြုမဟာသိပ္ပံဘွဲ့နှင့် ဆေးဝါးမဟာသိပ္ပံဘွဲ့ တက်ရောက်သင်ယူစေခဲ့ရာ ခြောက်ဦးအောင်မြင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ Air Langer University တွင် သူနာပြု ဘွဲ့လွန်သင်တန်းကို နှစ်ဦးတက်ရောက်အောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်