စစ်တွေ ဒီဇင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက လောကာနန္ဒာစေတီတော်မြတ်ကြီး လိုဏ်ဂူအတွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်ပူဇော်ကြသည်။
ရှေးဦးစွာ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ စစ်တွေမြို့ ဒက္ခိဏာရာမကျောင်းတိုက် ဆရာတော်၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ မေဃိယက ရောင်ခြည်တော်ဖွင့် ဂါထာတော်ဖြင့် သုံးလောကထွဋ်ထား ဗုဒ္ဓဘုရားရှင်အား ပင့်ဆောင်တော်မူကာ ဒက္ခိဏာရာမ ကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တ ဂန္ဓမာလင်္ကာရက မဟာပဋ္ဌာန်း တရားတော် နာကြားရန် နတ်ဗြဟ္မာများကို ဖိတ်ကြားသည်။ ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ စစ်တွေမြို့ ဓမ္မသုခကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောမ ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဒက္ခိဏာရာမကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တဓမ္မိက က ရှင်မဟာဗုဒ္ဓဃောသ ရေးသားဖွဲ့ဆိုသော ပဠာန်းအဋ္ဌကထာ ပဏာမဂါထာဖြင့် ပဋ္ဌာန်းကျမ်းတော်ကြီးကို ဂါရဝပူဇာအမှုပြုပြီး ဒက္ခိဏာရာမကျောင်းတိုက် စာချ ဆရာတော် ဘဒ္ဒန္တသူရိယဝံသက ပဋ္ဌာန်းဒေသနာ ရွတ်ဖတ်ပူဇော်ရန် ပဋ္ဌာန်းအမွှန်းအား ဖတ်ကြားသည်။ ယင်းနောက် သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို သံပြိုင်ရွတ်ဖတ်ပူဇော်ကြပြီး အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဖွင့်လှစ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စကြာမုနိသွန်းစက်တော်အား သွားရောက်ဖူးမြော်ပြီး စကြာမုနိသွန်းစက်တော် ဘုရားသိမ်တော်၌ အသံမစဲမဟာ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်နေမှုအား ဖူးမြော်ခဲ့ကြသည်။ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ၅ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)