ကျောက်ဖြူ   ဒီဇင်ဘာ   ၂၈

 

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပဟေဠိပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက အမှတ်(၃)၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည်။

 

အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို လွတ်လပ်ရေးခိုင်မြဲဖို့ ညီညီညွတ်ညွတ် ကြိုးစားစို့ ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၂၃  ဦးတို့က လည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကလေးလူငယ်များ ကျန်းမာကြံ့ခိုင်ရေး လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများဆင်နွှဲပေး ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးတို့က လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပဟေဠိပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ တာဝန်ကျဆရာ၊ ဆရာမများက အနီကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့သည်။ 

 

အဆိုပါပြိုင်ပွဲများတွင် မြို့နယ်အဆင့် ဆုရွေးခြယ်ရေးအဖွဲ့မှ ရွေးခြယ်ခြင်းခံရသည့် အထက်တန်း၊ အလယ်တန်းမှ ကျောင်းသား၊ ကျောင်းသူများ၏ အကောင်းဆုံး စာစီစာကုံးတစ်ပုဒ်စီနှင့်  ပဟေဠိပြိုင်ပွဲမှ အမှတ်အများဆုံး  အဖြေလွှာတစ်ခုအား ရွေးခြယ်၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ပို့ဆောင်ကာ ပါဝင်ယှဉ်ပြိုင်စေမည်ဖြစ်သည်။ ယင်းနောက် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်မှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်မှ ထပ်မံစိစစ် ရွေးချယ်၍ ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း