ကျိုက်မရော ဒီဇင်ဘာ ၂၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ (၇၄)နှစ်မြောက်လွတ်လပ်ရေး နေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ပျော်ရွှင်စွာ ကျင်းပလျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီက အ.မ.က မူလွန်(မယ်ကရို)ကျောင်းဝင်းအတွင်း၌ ကျင်းပကြောင်း သိရသည်။
အားကစားပြိုင်ပွဲနည်းများ ကျင်းပပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ အမကမူလွန် ကျောင်းအုပ် ဆရာမကြီး ဒေါ်ဇူလိုင်ဇော်က အားကစားပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကလေးများ၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေး၊ အသင်းအဖွဲ့အလိုက် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ရရှိစေရေး၊ ငယ်စဉ်ကတည်းက အားကစားကို စိတ်ဝင်စားကာ ပါဝင်ကစားလိုသည့်စိတ်များ လေ့ကျင့်ပေးရန်နှင့် အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်လိုသည့် စိတ်ဓာတ်များရှိရန်၊ ကျောင်းနေပျော်ပြီး ထူးချွန်သည့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် ယခုလို နေ့ထူးနေ့မြတ်များတွင် အားကစားပွဲများ ပျော်ပွဲရွင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ပြိုင်ပွဲများမှာ အာလူးကောက်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ခြင်း၊ ဘောလုံးပြိုင်ပွဲ၊ ဆရာမများနှင့် ကျောင်းသူများ စကောရွက်ပြိုင်ပွဲ၊ မုန့်ကောက်ပွဲ စသည့် အားကစားနည်းများကို ပြုလုပ်ပေးခဲ့ပြီး ဆုရရှိသူများအား ကျောင်းအုပ်ဆရာမကြီးက ဆုများချီးမြှင့်ပေးအပ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)