ကော့ကရိတ် ဒီဇင်ဘာ ၂၈
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာဦးစီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောနှင့် အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက ကော့ကရိတ်မြို့ အမှတ် (၆)ရပ်ကွက် အထက (၂) ကျောင်းဝင်းအတွင်း၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၄)ဦးက “လွတ်လပ်ရေး အောင်ပွဲနေ့” ခေါင်းစဉ်ဖြင့် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အားကစားပြိုင်ပွဲများ ဖြစ်သည့် မီတာ(၅၀) အပြေးပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲနှင့် ဂုန်နီအိတ်စွတ်ပြိုင်ပွဲများတွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိပြီး လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်၍ အဆိုပါပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)