မကွေး     ဒီဇင်ဘာ      ၂၈

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားများ၏ စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရေးတို့အတွက် ကဏ္ဍစုံတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရရှိရေး အတွက် တက်နိုင်သမျှဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက် များပြားလာခြင်းနှင့်အတူ နိုင်ငံသားများ၏ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများလည်း စီးပွားရေးကွင်းဆက်အလိုက် ကျွဲကူးရေပါတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးသည် လုပ်သား အင်အားပေါများပြီး၊ တစ်နှစ်ပတ်လုံး နေရောင်ခြည်ကောင်းစွာရရှိကာ ဧရာဝတီမြစ်ကြောင်းကိုလည်း သယ်ယူ ပို့ဆောင်ရေးတွင် ကောင်းစွာအသုံးချနိုင်ပါကြောင်း၊ ဆီထွက်သီးနှံနှင့် စားသောက်ကုန်သီးနှံများ၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးများလည်း ပေါများစွာထွက်ရှိကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းအစဉ် အလာကြီးသော အထင်ကရနေရာများလည်းရှိကြောင်း၊ ၎င်းတို့မှာ တိုင်းဒေသကြီးအတွင်း ကဏ္ဍစုံတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အားသာချက်များပင်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် လုပ်ငန်းရှင် များအနေနှင့် တိုင်းဒေသကြီး၏ တည်ရှိနေသော အခွင့်အလမ်းများကို တိုးတက်နေသည့် ခေတ်နှင့် လျော်ညီစွာ နိုင်ငံတကာအဆင့်ရှိ လုပ်ပုံလုပ်နည်း နည်းစနစ်များ၊ အရည်အသွေးပြည့်မီသော ကုန်ထုတ်စနစ်များ၊ တန်ဖိုးမြှင့် ထုတ်ကုန်များ၊ ခေတ်မီဝန်ဆောင်မှုစနစ်များအဖြစ် ဖြစ်ပေါ်တိုးတက်ပြောင်းလဲ ကျင့်သုံးလာနိုင်စေရေး ကြိုးစား လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ပြိုင်ဆိုင်မှုများသည့် မျက်မှောက်ခေတ်တွင် မိမိတို့၏ ဒေသခံ လုပ်ငန်းရှင်များအနေဖြင့် ကြံ့ကြံ့ခံ အောင်ပွဲဆင်နိုင်မှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

 

ဆက်လက်၍ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခု၏ တည်ဆောက်မှု/ပြင်ဆင်မှုကာလ ထပ်မံတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ မကွေးမြို့နယ် စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

မောင်ညီညာ(ပြန်/ဆက်)