နေပြည်တော် ဒီဇင်ဘာ၂၈
နိုင်ငံ၏အဓိကစားနပ်ရိက္ခာဖြစ်သည့် ဆန်စပါးဖူလုံရေး၊ ဒေသအတွင်း သီးနှံထုတ်လုပ်မှုမြင့်မားရေးနှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားဖွံ့ဖြိုးမှုတိုးတက်လာရေးအတွက် လယ်ယာမြေများကို တည်ဆဲ ဥပဒေနည်းဥပဒေများနှင့်အညီ စီမံဆောင်ရွက်လျက်ရှိသည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် စတုတ္ထအကြိမ်မြောက် ကျင်းပသည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ လယ်ယာမြေနည်းဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးနိုင်ရန်ကိစ္စ၊ နိုင်ငံတော်၏ စီမံကိန်း လုပ်ငန်းများဆောင်ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေများအတွက် သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေးပေးချေရမည့်ကိစ္စ၊ သာသနာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတို့ အတွက် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်တင်ပြလာသည့် ကိစ္စရပ်၊ လယ်မြေကို သီးနှံပြောင်းလဲစိုက်ပျိုး ခွင့်ပြုပါရန် တင်ပြလာသောကိစ္စ၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့်ရမြေကို လယ်ယာမြေအဖြစ် ပြောင်းလဲခွင့် လျှောက်ထားလာသော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များမှ စိစစ်တင်ပြလာသောကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)