နေပြည်တော်၊ ဒီဇင်ဘာ - ၂၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖော်ထုတ် သိမ်းဆည်းရမိခဲ့သော လက်နက်၊ ခဲယမ်းများနှင့် မြဝတီ-ရန်ကုန်ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လက်နက်၊ ခဲယမ်းများများ အများစုမှာ ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်ရှိ လူသားချင်း စာနာထောက်ထားမှုခေါင်းစဉ်ဖြင့် ပုန်းကွယ်နေထိုင်ကြသည် အကြမ်းဖက်သမားများအနေဖြင့် ၎င်းမြို့သစ်မတဆင့် မြို့ကြီးများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ အလစ်အငိုက် နည်းမျိုးစုံဖြင့် သယ်ဆောင်ခြင်း၊ ပို့ဆောင်ခြင်းများ ပြုခဲ့ကြကြောင်း ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်စစ်ဆေးချက်များအရ အဆိုပါ ဒေသအတွင်း ခိုအောင်းလျက်ရှိသော NUG နှင့် PDF အကြမ်းဖက်အဖွဲ့များကို လက်ခံခြင်းမပြုရန် သက်ဆိုင်ရာခေါင်းဆောင်များထံသို့ အသိပေးခဲ့သော်လည်း လက်နက်၊ ခဲယမ်းဖမ်းဆီးရမိမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက်လည်းကောင်း၊ လေးကေ့ကော်မြို့သစ်မှာလည်း ငြိမ်းချမ်းရေးရလဒ်၏ ပြယုဂ်တစ်ခုဖြစ်နေ၍လည်းကောင်း NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖော်ထုတ် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးပြီး လုံခြုံရေးတပ်ဖွဲ့များက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှစ၍ စတင်ဆောင်ရွက်ခဲ့သည်။ ထို့သို့ဆောင်ရွက်ခဲ့ရာတွင် လေးကေ့ကော် မြို့သစ်အတွင်း ဥပဒေနှင့်အညီ ရှာဖွေစစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက် NUG အမည်ခံအဖွဲ့မှ PDF နှင့် CDM ပြုလုပ်ထားသူ ၂၁ ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဒီဇင်ဘာ ၁၅ ရက်တွင်လည်း ဖော်ထုတ်ဖမ်းဆီးနေစဉ် KNU/KNLA အဖွဲ့မှ အကြမ်းဖက် မှုကိုလိုလားပြီး NCA ကိုဖျက်ဆီးစေလိုသည့် ခေါင်းဆောင်တချို့ ပါဝင်သော NUG ၊PDF အမည်ခံ အကြမ်းဖက်သမားများက စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ အရာရှိ၊ စစ်သည်များအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး တချို့မှာ ဖမ်းဆီးခံခဲ့ရသည်။
ထို့ကြောင့် မိမိကိုယ်မိမိခုခံကာကွယ်ရန်အလို့ငှာ တပ်မတော်အနေဖြင့် အကန့်အသတ်ဖြင့် အနည်းဆုံးအင်အားကို အသုံးပြု၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်မှစ၍ KNU တပ်ခေါင်းဆောင်တချို့နှင့်တပ်ဖွဲ့တချို့၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်သမား များအား ချေမှုန်းတိုက်ခိုက်ခဲ့ရာ အထက်ပါ အကြမ်းဖက်အုပ်စုများမှလည်း အင်အားများပြားစွာစုစည်းလျက် မိမိတပ်မတော်စစ်ကြောင်းများအား နေ့/ည ဝိုင်းဝန်းပိတ်ဆို့လျက် တန်ပြန် တိုက်ခိုက်လာသဖြင့် တိုက်ပွဲများပြင်းထန်လာခဲ့သည်။
ထို့ကြောင် တပ်မတော်အနေဖြင့် ထုတ်ပြန်ထားသည့် Rule of Engagement အတိုင်း ROE နှင့်အညီ လိုအပ်သည့် အင်အားထပ်မံဖြည့်တင်းပြီး လေကြောင်းပစ်ကူဖြင့် ရန်သူပစ်မှတ်၊ စခန်းများအား ချေမှုန်း တိုက်ခိုက်မှုများကြောင့် တိုက်ပွဲပေါင်း ၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ယနေ့တွင် လေးကေ့ကော်မြို့သစ်မှလွှဲ၍ ကျန် အကြမ်းဖက် သမားများခိုအောင်းခဲ့သည့် ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံ နှင့် ဖလူးကျေးရွာစသည့် နေရာများအား ဖော်ထုတ်ဖမ်းဆီးထိန်းချုပ် နိုင်ခဲ့ပြီးဖြစ်ပါသည်။ တိုက်ပွဲဖြစ်စဉ် များတွင် အကြမ်းဖက်သမား သောင်းကျန်းသူများထံမှ အလောင်းတချို့နှင့် ဒဿမ ၅ Sniper စက်သေနတ်ကြီးအပါအဝင် လက်နက် မျိုးစုံ ၁၉ လက်နှင့် ခဲယမ်းများ၊ ပြုလုပ်ဆဲလက်လုပ်သေနတ်များ သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့်လည်း ဖရိုဖရဲထွက်ပြေးလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါတိုက်ပွဲများကြောင့် အပြစ်မဲ့ပြည်သူလူထုများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေ ကြောင်း သိရှိရ၍ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်နေထိုင်နိုင်ရေးအတွက် ယနေ့တွင် အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာစကားများအသုံးပြု၍ ဖိတ်ခေါ်လျက်ရှိကြောင်း သိရှိရပါသည်။ ၎င်းအပြင် တိုက်ပွဲအတွင်း အပြစ်မဲ့ပြည်သူများ မိမိနေထိုင်ရာကျေးရွာများသို့ အမြန်ဆုံး ပြန်လည်အခြေချနေထိုင်နိုင်ရန်အတွက်လည်း ထိုင်း-မြန်မာ နယ်ခြားကော်မတီများမှ ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဆက်လက်၍ လေးကေ့ ကော်မြို့သစ်တစ်ဝိုက်အား အကြမ်းဖက်သောင်းကျန်းသူများ မရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများနှင့် လုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။